Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒန်ဘရောင်းနဲ့ သမ္မတ ဘုရှ် ဆွေးနွေးတဲ့အထဲ မြန်မာ့အရေးပါဝင်

18 April 2008
ကိုအောင်လွင်ဦး - အစီအစဉ်ကိုရယူရန် (MP3) audio clip
ကိုအောင်လွင်ဦး - နားဆင်ရန် (MP3) audio clip

အမေရိကန်ပြည်ထောင်စုမှာ ဗြိတိန်ဝန်ကြီးချုပ် ရောက်ရှိနေတုန်း သမ္မတ ဂျော့ဂ်ျ ဘုရှ် နဲ့ တွေ့ဆုံအပြီး ခေါင်းဆောင် ၂ ဦးက မြန်မာပြည် ဒီမိုကရေစီရေးအတွက် တူညီတဲ့ သဘောထား ရပ်တည်ချက်တွေ ရှိတဲ့အကြောင်း ပြောဆိုလိုက်ကြပါတယ်။ ကမ္ဘာ့ထိပ်တန်းခေါင်းဆောင် ၂ ဦးက အခုလို အလေးထား ပြောဆိုခဲ့တာတွေနဲ့ ပတ်သက်လို့ အကြောင်းစုံကို ကိုအောင်လွင်ဦး တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီအပြောင်းအလဲတွေ ဖြစ်ပေါ်စေဖို့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေ အကောင်အထည် ဖော်နိုင်ဖို့ ဗြိတိန်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုတို့အကြား တသဘောတည်း ရှိကြပါတယ်လို့ ၀န်ကြီးချုပ် ဂေါ်ဒန်ဘရောင်း က အိမ်ဖြူတော်မှာ ကျင်းပတဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုလိုက်တာပါ။ နိုင်ငံတကာ အရေးအခင်းတွေနဲ့ ပတ်သက်လို့ သံတမန်ရေးရာ ရပ်တည်ချက်တွေကို ပြောဆိုရင်းနဲ့ အမေရိကန် ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒန်ဘရောင်း က ခေါင်းဆောင် ၂ ဦး ကိုယ်စား ဒီလို ပြောလိုက်တာပါ။

“ပြန်လည်သင့်မြတ်ရေး လုပ်ငန်းအတွက် တောင်းဆိုမှုတွေလုပ်ဖို့ လိုအပ်နေတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကျနော်တို့တတွေမှာ ဘုံရပ်တည်ချက် ရှိကြတယ် ဆိုတာကို ထပ်လောင်း ပြောလိုက်ပါတယ်။”

 ဒီလို ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင် ၂ ယောက်က ပြောဆိုလိုက်တာဟာ မြန်မာနိုင်ငံက နိုင်ငံရေး ပြဿနာတွေနဲ့ ပတ်သက်လို့ အဖြေရှာရေး အလေးထားတယ် ဆိုတာကို ပြသနေသလို၊ လတ်တလော အမေရိကန်နဲ့ ဗြိတိန် ဦးဆောင်ပြီး မြန်မာ့အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကိုင်တွယ် ဆောင်ရွက်ဖို့ ကိစ္စတွေနဲ့ ပတ်သက်လို့ ခေါင်းဆောင်တွေရဲ့ ကျိုးပမ်းချက်တွေနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေတဲ့ US Campaign for Burma အဖွဲ့က အမှုဆောင် ဒါရိုက်တာ ဦးအောင်ဒင် က အခုလို ပြောပြပါတယ်။

“ဟုတ်ကဲ့။ အခု အမေရိကန် သမ္မတ ဘုရှ်နဲ့ ဒီ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒန်ဘရောင်းတို့ သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံပြီးတော့ ဆွေးနွေးတဲ့အခါမှာ နိုင်ငံတကာရေးရာကိစ္စ တော်တော်များများကို ဆွေးနွေးကြပါတယ်။ အဲဒီ ဆွေးနွေးတဲ့နေရာမှာ မြန်မာနိုင်ငံကိစ္စလည်း အကြောင်းတရပ်အနေနဲ့ ပါဝင်ပါတယ်။ ဆွေးနွေးကြတာပေါ့နော်။ ဒါကတော့ ဒီ ခေါင်းဆောင်နှစ်ယောက်စလုံးက မြန်မာနိုင်ငံ ကိစ္စကို ဘယ်လောက်ထိ စိတ်ဝင်စားပြီး အလေးအနက်ထားတယ် ဆိုတာကို အတိအလင်း ဖော်ထုတ်ပြသတာပါပဲ။ ကျနော်တို့ နားလည်သလောက်တော့ အမေရိကန်အစိုးရနဲ့ ဒီ United Kingdom နဲ့ ပူးတွဲတင်ထားတဲ့ လုံခြုံရေးကောင်စီ ဥက္ကဌရဲ့ ကြေညာချက်ပေါ့နော်၊ တောင်းဆိုချက် အဲဒါတွေနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ တရုတ်ရဲ့ ကန့်ကွက်မှုကြောင့် ဒီ မထုတ်ပြန်နိုင်တဲ့ အနေအထားမှာ အဲဒါကို သူတို့ ဘယ်လိုဆက်ပြီး ဆောင်ရွက်ကြရမလဲ။ နောက် မြန်မာစစ်အစိုးရကို ဒီ့ထက်မက ပိုပြီး ဘယ်လို ဖိအေားပေးကြမလဲ၊ နောက်တခါ အခု ကျင်းပမယ့် ဆန္ဒခံယူပွဲကိုလည်း တကယ် လွတ်လပ် သန့်ရှင်းတဲ့ ဆန္ဒခံယူပွဲ ဖြစ်စေဖို့ ဘယ်လို အချက်တွေ နအဖ စစ်အုပ်စုက ဖြည့်ဆည်းပေးရမယ်ဆိုတာကို တောင်းဆိုဖို့ ဒီဟာတွေကို သူတို့ ဦးစားပေး ဆွေးနွေးကြတယ်လို့ ကျနော် သိရပါတယ်။”

တကယ်တော့ မြန်မာစစ်အစိုးရက အခြေခံဥပဒေမူကြမ်းတရပ်ကို အတည်ပြုနိုင်ဖို့ လာမယ့်မေလ ၁၀ ရက်နေ့မှာ လူထုဆန္ဒခံယူပွဲ တခု ကျင်းပတော့မှာမို့ ဒီကိစ္စအပေါ်မှာ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့က စိုးရိမ်မကင်း ဖြစ်မှုတွေကလည်း ရှိနေတာပါ။ ဆန္ဒခံယူပွဲကို လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်မယ့် အခြေအနေမျိုးတွေကလည်းမရှိ၊ သက်ဆိုင်သူတွေ ပါဝင်ခွင့်မရှိဘဲ ထွက်ပေါ်လာတဲ့ အခြေခံဥပဒေ မူကြမ်းကို အတည်ပြုဖို့လည်း ဖြစ်တာကြောင့် ဒီလို သံသယတွေ ဖြစ်ရတဲ့အကြောင်း အမေရိကန် ပြည်ထောင်စု အမျိုးသားလုံခြုံရေးကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူကလည်း ပြောဆိုထားတာပါ။ ဒီလို စိုးရိမ်မကင်းစရာဖြစ်နေရတဲ့ မြန်မာနိုင်ငံက လတ်တလော အခြေအနေတွေနဲ့ ပတ်သက်လို့ US Campaign for Burma အဖွဲ့က အမှုဆောင် ဒါရိုက်တာ ဦးအောင်ဒင် က ပြောဆိုရာမှာလည်း -

“ဆန္ဒခံယူပွဲကို နအဖက လုပ်မယ်ဆိုရင်လည်း ဒီ သူ ဆောင်ရွက်နေတဲ့ ကိစ္စတွေက သန့်ရှင်းမှု မရှိဘူးလေ။ အထူးသဖြင့် သူ့ရဲ့ တဖက်သက် ရေးဆွဲတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတင်းအဓမ္မ ရေးဆွဲဖို့ ကြိုးစားနေတယ်။ လူထုကိုလည်း ထောက်ခံမဲ ပေးဖို့အတွက် နေရာအနှံ့မှာ ဖိအားပေး နေတာတွေ ရှိတယ်။ ကန့်ကွက်ဖို့ လှုံ့ဆော်တဲ့သူတွေကိုလည်း အကြမ်းဖက် တိုက်ခိုက်တာတွေ ဖမ်းဆီးတာတွေက ဆက်တိုက်ဆက်တိုက် လုပ်နေတယ်။ ဆိုတော့ အခု ဖြစ်နေ မြင်တွေ့နေရတဲ့ ဟာတွေက ဒီဆန္ဒခံယူပွဲဟာ ဘယ်လိုနည်းနဲ့မှ သန့်ရှင်းမှု၊ မျှတမှု ရှိမှာမဟုတ်ဘူး။ လူထုရဲ့ တကယ့် လိုအင်ဆန္ဒကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြသနိုင်တဲ့ အနေအထားမျိုး ရောက်မှာမဟုတ်ုဘူး။ ဒါကြောင့်မိုလို့ ဒါတွေကို ဒီခေါင်းဆောင်တွေက စိတ်ပူနေကြတယ်။ နောက်တခါ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေကလည်း မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ တိုင်းရင်းသား လူမျိုးစုများအရေး ဒီပြဿနာတွေကို ဖြေရှင်းနိုင်စွမ်း မရှိဘူး။ စစ်တပ်ရဲ့ အာဏာပိုင်စိုးရေးကို ဆက်ပြီး အတည်ပြုမှာဖြစ်တဲ့အတွက်ကြောင့် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် မြန်မာနိုင်ငံ ပြဿနာရေးဟာ ဖြေရှင်းနိုင်မှာ မဟုတ်တဲ့အပြင် ပိုပြီးတော့ ဆိုးလာမယ့်လက္ခဏာတွေလည်း အများကြီး တွေ့နေရတယ်။ ဒီအပေါ်မှာ ကမ္ဘာ့ခေါင်းဆောင်တွေက စိတ်ပူနေကြတာပါပဲ။” 

အမေရိကန်ပြည်ထောင်စု အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေတဲ့ US Campaign for Burma အဖွဲ့က အမှုဆောင် ဒါရိုက်တာ ဦးအောင်ဒင် ဖြစ်ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်ရဲ့ အခု အမေရိကန် ပြည်ထောင်စု ခရီးစဉ်အတွင်း နိုင်ငံတကာမှာ ရင်ဆိုင်နေရတဲ့ စီးပွားရေးပြဿနာ၊ စားနပ်ရိက္ခာ ရှားပါးမှုပြဿနာ နောက် မပြေလည်နိုင်သေးတဲ့ ဆူဒန်နိုင်ငံ ဒါဖော ဒေသ ပြဿနာ စတဲ့ ကမ္ဘာ့ရေးရာတွေကိုလည်း ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story

  More From VOA
နိုင်ငံတကာ ကြက်ခြေနီ၏ ပထမဆုံး လေယာဉ် အကူအညီ ရောက်ရှိ  Audio Clip Available
စစ်အစိုးရ နာမည် ကောင်းရအောင် ဆောက်ရွက်ခဲ့မှုကြောင့် ဂျွန်မက်ကိန်း၏ ထိပ်တန်း လက်ထောက် နှုတ်ထွက်  Audio Clip Available
နိုင်ငံတကာ ကြက်ခြေနီ ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့သင်္ဘောနစ်မြုပ်  Audio Clip Available
ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အနုပညာရှင်များကူညီနေ  Audio Clip Available
မုန်တိုင်းဒုက္ခသည်တွေ အကူအညီစောင့်နေစဉ် ပြည်သူ့ဆန္ဒခံယူပွဲ လုပ်နေ  Audio Clip Available
နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေ မြန်မာပြည်ဝင်ခွင့်ရရေး တောင်းဆို  Audio Clip Available
မုန်တိုင်းကြောင့် လူတွေသေဆုံးလင့်ကစား ပြည်သူ့ဆန္ဒခံယူပွဲလုပ်  Audio Clip Available
မုန်တိုင်းသင့်ပြည်သူများ ကူညီရေး နှောင့်နှေးနေတဲ့ကြားက ကျင်းပတဲ့ ဆန္ဒခံယူပွဲ ဘ၀င် မကျသူများပြား  Audio Clip Available
လေဘေးသင့်ပြည်သူများအတွက် နိုင်ငံတကာအကူအညီကို အာဏာပိုင်များ နှောင့်နှေးအောင်လုပ်ဆဲ  Audio Clip Available
ဆန္ဒမဲပေးပွဲ မဲပေးသူနည်း၊ အာဏာပိုင်များ၏ မသမာမှု များပြား