Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
မဲပေးမည့်လူထုအတွင်း အခြေခံဥပဒေကို ရှင်းရှင်းလင်းလင်း နားလည်မှုမရှိသေး

20 April 2008
ကိုကျော်ကျော်သိန်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
ကိုကျော်ကျော်သိန်း - နားဆင်ရန် (MP3) audio clip

အခြေခံဥပဒေကို လူထုဆန္ဒခံယူမယ့် မေလ ၁၀ ရက်နေ့က နီးကပ်လာနေပေမယ့် မြန်မာနိုင်ငံ အတွင်းမှာ ဒီကိစ္စကို စိတ်မ၀င်စားတာ၊ ရှင်းရှင်းလင်းလင်း နားမလည် တာတွေက ရှိနေဆဲပါ။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းဝင်တွေက မြို့ရွာအသီးသီးမှာ လူထုကို စည်းရုံး ဆွဲဆောင်ပြီး ထောက်ခံခိုင်းတာတွေ လုပ်နေပေမယ့် သူတို့လှုပ်ရှားမှုတွေ သိပ် အရာမထင်တဲ့ နေရာတွေလည်း ရှိနေပါတယ်။ အဲဒီထဲမှာ တခုကတော့ ရှမ်းပြည်နယ် တောင်ပိုင်းက ရွှေညောင်မြို့ပါ။

အဲဒီကမဲဆန္ဒရှင်တွေရဲ့ အခြေအနေနဲ့ ပြည်ခိုင်ဖြိုးအဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှု အခြေအနေတွေကို ဗွီအိုအေ၀ိုင်းတော်သူ ဒေါ်ခင်မျိုးသက်က ဆက်သွယ် မေးမြန်းထားတာကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

အာဏာပိုင်တွေက အခြေခံဥပဒေမူကြမ်းစာအုပ်တွေကို အစိုးရ စာအုပ်ဆိုင်တွေမှာ တအုပ်ကို ကျပ် ၁,၀၀၀ နဲ့ တင်ရောင်းနေပြီး စိတ်ဝင်စားသူတွေ ၀ယ်ဖတ်နိုင်ကြောင်း ကြေညာထားပါတယ်။ အစိုးရစာအုပ်ဆိုင်က တနိုင်ငံလုံး တောရောမြို့ပါမကျန် နေရာအနှံ့မှာ ရှိတာမဟုတ်သလို ရှိမယ်ဆိုရင်လည်း တအုပ်ကို ငွေ ၁,၀၀၀ ပေးပြီး ၀ယ် ဖတ်ကြပါ့မလားဆိုတာက မေးခွန်းထုတ်စရာပါ။ လက်တွေ့မှာလည်း လူတွေရဲ့စိတ်ဝင်စားမှု အားနည်းတာကို ရွှေညောင်မြို့ခံတဦး ဗွီအိုအေကို ပြောခဲ့တာက သက်သေပြနေပါတယ်။

“အခုချိန်ထိကို သိပ် စိတ်မ၀င်စားပါဘူး။ စိတ်မ၀င်စားဘူးဆိုတာက ဒီလို မဲပေးတယ် ဆိုတာတောင်မှ ဘာကို ပေးမယ်ဆိုတာ တချို့ မသိသေးဘူး။ တချို့တွေက ထင်နေတာက ဟိုတုန်းကလို ၁၉၉၀ ခုနှစ်တုန်းကလို ပါတီတွေကို မဲပေးရမှာလိုလို ဘာလိုလို၊ တချို့က အခုချိန်ထိတောင် ရှင်းရှင်းလင်းလင်း မသိတဲ့သူက မသိဘူး။”

အခြေခံဥပဒေမူကြမ်းကို ထောက်ခံမဲပေးကြဖို့ နိုင်ငံပိုင်မီဒီယာတွေကနေ အာဏာပိုင်တွေက အင်တိုက်အားတိုက် လှုံ့ဆော်နေသလို ပြည်ခိုင်ဖြိုးအဖွဲ့ဝင်တွေ ကလည်း နေရာအသီးသီးမှာ လူထုကို စည်းရုံးနေကြပါတယ်။ ဒါပေမယ့် ရွှေညောင်မြို့မှာတော့ သူတို့ရဲ့ လှုပ်ရှားမှုတွေ အခြေအနေ သိပ်မကောင်းပုံကို အဲဒီမြို့ခံဖြစ်သူကပဲ ပြောပြခဲ့ပါတယ်။

“ကြံ့ဖွံ့အဖွဲ့က ဟိုတနေ့ကလည်း ဒီမှာလာတယ်။ လာပြီးတော့ သူတို့က လူ ၂၀ လောက် စုခိုင်းတာ မစုနိုင်ဘူးလို့ ပြောတယ်။ အဲဒီ သူတို့ပြောတဲ့အရဆိုရင် ဒီရပ်ကွက်မှာ လူအင်အားက ၆၀၀၊ ၇၀၀ လောက် ရှိတဲ့ဟာကို တကယ်တမ်း လူ ၂၀ လေး ပြည့်အောင် စုပါဆိုတာကို မရဘူးတဲ့။”

မြန်မာနိုင်ငံမှာ ပြည်သူလူထုစီးပွားရေး အဆင်မပြေတဲ့အကြောင်းကို မြန်မာနိုင်ငံမှာ အခြေစိုက်တဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ ကိုယ်တိုင်ကိုက ပြေဆိုထားဖူးပါတယ်။ အာဏာပိုင်တွေကတော့ ဒီအချက်ကို ဘယ်တုန်းကမှ ပွင့်ပွင့်လင်းလင်း ဖွင့်ဟ ၀န်ခံတာမျိုး မရှိခဲ့ဖူးပါဘူး။ ရွှေညောင်မြို့ခံ ပြောပြခဲ့တဲ့ထဲမှာတော့ လူထု စားဝတ်နေရေး ကျပ်တည်းတဲ့အချက် ထင်ဟပ်နေသလို မဲပေးပွဲမတိုင်ခင် လူတွေစိတ်ထဲမှာ ရှိနေတာကိုလည်း သူမြင်သိသလောက် ပြောပြခဲ့ပါတယ်။

“အကုန်လုံးက သိတဲ့အတိုင်းပဲ။ သူ့နည်းသူ့ဟန်နဲ့ ကျပ်တည်းတော့ ရုန်းကန်လှုပ်ရှားနေရတာနဲ့၊ လုံးပမ်းနေရတာနဲ့ပဲ သူတို့ထင်သလိုမျိုး အပြည့်အ၀ ရသွားဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ သူတို့ထဲလည်း မရောက်ဘူး။ သေချာတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက သူတို့ဖက်ကို စိတ်မှမ၀င်စားတာ။ မကျေနပ်တာက များတယ်လေ။ ဘာပဲပြောပြော ခင်ဗျား ဒီမှာ မီးပျက်တာ၊ တမြို့လုံး မီးပျက်နေတာ။ အဲဒါကြောင့်နဲ့ကို မကျေနပ်ကြဘူး။ ကျန်တာကတော့ ပြောမနေနဲ့။ ခုန စောစောက ကျနော် ပြောသလိုပေါ့နော်။ ကြံ့ဖွံ့တို့ဘာတို့ ဘယ်လောက်ရှိနေနေ၊ စာရင်းပဲ ရှိတာ။ လူမှမရှိတာကိုး။ ဘယ်ကနေ အားကရမှာလဲ။ ဘာရမလဲဗျာ။ မကျေနပ်ချက်တွေပဲ ရမှာပေါ့။ သူတို့ လိုချင်တဲ့ ရည်မှန်းချက်ကတော့ ပေးမှမပေးနိုင်တာ။ ဘယ်လိုလုပ် ရမှာလဲ။ တခုပဲ ရှိတယ်လေ။ သူတို့ နောက်ဆုံး ညစ်ယူမယ်။ ညစ်နည်းတွေ အများကြီးပေါ့။ ညစ်ယူမယ် ဘာညာဆိုရင်တော့ ဒီကနေပြီးတော့ အဲဒီလိုပေါ့ ဘာမှတော့ တတ်နိုင်မှာမဟုတ်ဘူးပေါ့။”  

အဲဒါကတော့ ဆန္ဒခံယူပွဲမတိုင်ခင် ရှမ်းပြည်တောင်ပိုင်း၊ ရွှေညောင်မြို့ဘက်က အခြေအနေတချို့ ဖြစ်ပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story

  More From VOA
နိုင်ငံတကာ ကြက်ခြေနီ၏ ပထမဆုံး လေယာဉ် အကူအညီ ရောက်ရှိ  Audio Clip Available
စစ်အစိုးရ နာမည် ကောင်းရအောင် ဆောက်ရွက်ခဲ့မှုကြောင့် ဂျွန်မက်ကိန်း၏ ထိပ်တန်း လက်ထောက် နှုတ်ထွက်  Audio Clip Available
နိုင်ငံတကာ ကြက်ခြေနီ ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့သင်္ဘောနစ်မြုပ်  Audio Clip Available
ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အနုပညာရှင်များကူညီနေ  Audio Clip Available
မုန်တိုင်းဒုက္ခသည်တွေ အကူအညီစောင့်နေစဉ် ပြည်သူ့ဆန္ဒခံယူပွဲ လုပ်နေ  Audio Clip Available
နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေ မြန်မာပြည်ဝင်ခွင့်ရရေး တောင်းဆို  Audio Clip Available
မုန်တိုင်းကြောင့် လူတွေသေဆုံးလင့်ကစား ပြည်သူ့ဆန္ဒခံယူပွဲလုပ်  Audio Clip Available
မုန်တိုင်းသင့်ပြည်သူများ ကူညီရေး နှောင့်နှေးနေတဲ့ကြားက ကျင်းပတဲ့ ဆန္ဒခံယူပွဲ ဘ၀င် မကျသူများပြား  Audio Clip Available
လေဘေးသင့်ပြည်သူများအတွက် နိုင်ငံတကာအကူအညီကို အာဏာပိုင်များ နှောင့်နှေးအောင်လုပ်ဆဲ  Audio Clip Available
ဆန္ဒမဲပေးပွဲ မဲပေးသူနည်း၊ အာဏာပိုင်များ၏ မသမာမှု များပြား