Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
အစိုးရကျောထောက်နောက်ခံ အဖွဲ့အစည်းတွေက လူထုဆန္ဒထောက်ခံပွဲ လှုံ့ဆော်မှုတွေ လုပ်ဆောင်

24 April 2008
ဦးအောင်လွင်ဦး၊ မသင်းသီရိ - အစီအစဉ်ကိုရယူရန် (MP3) audio clip
ဦးအောင်လွင်ဦး၊ မသင်းသီရိ - နားဆင်ရန် (MP3) audio clip

Members of state sponsored organizations, stand in front of a billboard urging the public to approve the draft constitution in the upcoming referendum, to be held on May 10,April 24,2008.AP
စစ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသော အဖွဲ့အစည်းများမှ ဆန္ဒမဲထောက်ခံရေး မြေစိုက်ပိုစတာ စိုက်ထူပွဲအခမ်းအနားကို ရန်ကုန်မြို့တနေရာတွင် ကျင်းပနေစဉ်။
ဧပြီ ၂၄၊ ၂၀၀၈
(ဓာတ်ပုံ-အေပီ)
မြန်မာစစ်အစိုးရရဲ့ လူထုဆန္ဒခံယူပွဲ နီးကပ်
လာတာနဲ့အမျှ အာဏာပိုင်တွေဘက်က ထောက်ခံမဲတွေထည့်ကြဖို့ လှုံ့ဆော်လှုပ်ရှား
မှုတွေကို အရှိန်မြှင့်ဆောင်ရွက်လာနေတာ
တွေ ရှိနေပါတယ်။ အစိုးရပိုင် သတင်းမီဒီ
ယာတွေက လှုံ့ဆော်မှုတွေကတဆင့်သာ
မက အခုဆိုရင် ရန်ကုန်လိုမြို့ကြီးတွေမှာ
စစ်အစိုးရ ကျောထောက်နောက်ခံပေးထား
တဲ့ အဖွဲ့အစည်းတွေက မြေစိုက်ပိုစတာကြီး
တွေ စိုက်ထူပြီး ဆန္ဒခံယူပွဲကို ထောက်ခံကြဖို့ လှုံ့ဆော်မှုတွေကိုတောင် လုပ်ဆောင်လာနေ
ပါတယ်။ ဒီလိုလုပ်ဆောင်နေတာတွေကို
တွေ့မြင်ခဲ့တဲ့ ရန်ကုန်မြို့ခံတဦးက ဗွီအိုအေကို
အခုလို ပြောပြပါတယ်။

“ဆန္ဒခံယူပွဲနဲ့ပတ်သက်လို့ ထောက်ခံမဲပေးဖို့ပေါ့။ အစိုးရနဲ့ပတ်သက်တဲ့ အဖွဲ့အစည်း
တွေက ဆိုင်းဘုတ်တွေလိုက်တင်နေတယ်။ ဒီနေ့ တောင်ဥက္ကလာပမြို့နယ် သံသုမာ
လမ်းနဲ့ ပါရမီလမ်းထောင့်မှာရှိတဲ့ မိခင်နဲ့ကလေး စောင့်ရှောက်ရေးရုံး။ အဲဒီမှာဆိုရင်
ကြံ့ခိုင်ရေးအဖွဲ့ဝင်တွေ၊ မိခင်နဲ့ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်တွေ၊ အခြား အစိုးရနဲ့
ပတ်သက်တဲ့ အဖွဲ့အစည်းကလူတွေ ဆန္ဒခံယူပွဲမှာ ထောက်ခံမဲပေးဖို့ဆိုပြီး လူစုလူဝေး
နဲ့ ဆိုင်းဘုတ်တင်တာတွေရှိပါတယ်။

“အဲဒီလို သူတို့လုပ်နေတဲ့အချိန်မှာ မနက်က ၇ နာရီခွဲကျော်ကျော်လောက်မှာ ကျနော်
တို့ကလည်း အလုပ်သွားရတဲ့အချိန်ဆိုတော့ ဘေလီတံတားအဆင်းမှာ ကားလမ်းတွေ
က ပိတ်နေတယ်။ အဲတော့ လိုရာခရီးကို အမြန်မရောက်ဘူးပေါ့။ ကားလမ်းတွေ
ပိတ်နေတာ ဘာဖြစ်မှန်းမသိဘူး။ နောက်ကျတော့မှ ကားသမားတွေ တဆင့်စကား
တဆင့်နဲ့ပြောရင်း ထောက်ခံမဲပေးဖို့ ဆိုင်းဘုတ်တင်လို့ လမ်းတွေပိတ်တယ်ဆိုပြီး
သိရတယ်။

“ဆိုင်းဘုတ်က ဒို့အနာဂတ် ဒို့ဖန်တီးဖို့ ထောက်ခံမဲပေးကြစို့ဆိုတဲ့ ဆိုင်းဘုတ်ပေါ့။
ကားပေါ်မှာလည်း အဓိကက ရုံးသွား၊ ကျောင်းသွားတဲ့ အလုပ်သမားတွေရှိတော့
သွားရမယ့်ခရီးမှာ အနှောင့်အယှက်တွေ၊ အပိတ်အဆို့တွေရှိတယ်။ ပြီးတော့ ဒါတွေ
ကလည်း နေ့စဉ် တီဗွီရော၊ သတင်းစာမှာရော၊ ရေဒီယိုမှာရော အစုံဖြစ်နေတော့
ကြာတော့လည်း လူတွေက ဘယ်သူမှ လက်မခံနိုင်တဲ့အနေအထားမျိုး ဖြစ်နေတာ
ပေါ့။”

မြန်မာစစ်အစိုးရက ကြီးမှူးကျင်းပဖို့ရှိတဲ့ ဆန္ဒခံယူပွဲကို ထောက်ခံမဲတွေပေးကြဖို့ အစိုးရ လိုလားသူတွေက လှုပ်ရှားမှုတွေ အရှိန်မြှင့် လုပ်ဆောင်လာနေတဲ့အကြောင်း ရန်ကုန်
မြို့ခံတဦးက ပြောပြခဲ့တာပါ။

စက်မှုဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံက ၀န်ထမ်းတွေဟာ မေလ
၁၀ ရက်နေ့ လူထုဆန္ဒမဲပေးကြတဲ့အခါ သက်ဆိုင်ရာစက်ရုံနဲ့ ဌာနတွေထဲမှာ ၀န်ထမ်း
တွေနဲ့အတူ သူတို့ရဲ့မိသားစုတွေပါ မဲပေးကြရမယ်လို့ ဌာနအကြီးအကဲတွေက ခေါ်ပြော
တာတွေ ပြုလုပ်နေပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

စက်မှု ၁ ၀န်ကြီး ဦးအောင်သောင်းရဲ့ ညွှန်ကြားချက်ဆိုပြီး စက်မှု ၁ ဌာနအောက်မှာ
ရှိတဲ့ ၀န်ထမ်းတွေကို သက်ဆိုင်ရာဌာနရဲ့ စက်ရုံတွေက တာဝန်ခံအရာရှိတွေက
ဝန်ထမ်းတွေနဲ့အတူ သူတို့ရဲ့မိသားစုတွေပါ စက်ရုံမှာပြုလုပ်မယ့် မဲရုံတွေမှာ သီးသန့်
မဲလာပေးဖို့ ခေါ်ယူပြောဆိုနေတယ်လို့ ရန်ကုန် စက်မှု ၁ ၀န်ကြီးဌာနက ၀န်ထမ်းတဦး
က ဗွီအိုအေကို အခုလိုပြောပြပါတယ်။

“စာထုတ်တာတော့မရှိဘူး။ မဲပေးဖို့ကိစ္စကို စက်မှု ၁ ၀န်ထမ်းတွေက စက်မှု ၁ ၀င်းထဲ
မှာပဲ မဲပေးရမယ်တဲ့။ အပြင်မှာပေးစရာမလိုဘူးလို့ပြောတယ်။ ဒါ စာတကယ်ထုတ်တာ
မဟုတ်ဘူး။ လူကြီးတွေပြောတာပါ။ တကယ်လို့ မဲမပေးဘူးဆိုရင် မှတ်ပုံတင်လုပ်ပေး ထားတာတွေတောင် လက်မှတ်ထိုးခိုင်းပြီး အကုန်ပြန်သိမ်းမယ်၊ နှင်ထုတ်ပစ်မယ်။
မှတ်ပုံတင်မရှိဘဲနဲ့ ရန်ကုန်မှာလာနေတာ နှင်ထုတ်ပစ်လို့ ပြောနေသံတွေ ကြားရတယ်၊ လှိုင်သာယာဘက်မှာ။”

ဒါ့အပြင် သက်ဆိုင်ရာဌာနက ဒု-ဦးစီးရာထူး အဆင့်ရှိတဲ့လူတွေက ဌာနအတွင်းနဲ့
မြို့နယ်၊ ရပ်ကွက်တွေမှာ စည်းရုံးရေးဆင်းတဲ့အခါ ထောက်ခံမဲသာပေးကြဖို့နဲ့
မထောက်ခံဘူးဆိုရင် ဒီမိုကရေစီစနစ်ပြောင်းလဲဖို့ အချိန်တွေကြာသွားမယ်လို့
ပြောဆိုပြီး စည်းရုံးမှုတွေလုပ်နေတယ်လို့ အဲဒီဝန်ထမ်းကပဲ ပြောပြပါတယ်။

မန္တလေးတိုင်း စက်မှုဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ဆိုပြီး မန္တလေးတိုင်းအတွင်းက စက်ရုံ
တွေမှာလည်း အလားတူ စက်ရုံဝန်ထမ်းတွေကို စက်ရုံတွေအတွင်းမှာ မဲပေးဖို့ စာထုတ် တာတွေရှိသလို လူတွေ့ခေါ်ယူပြောဆိုနေတာတွေလည်း ပြုလုပ်နေတယ်လို့ မန္တလေး
ဝန်ထမ်း မိသားစုဝင်တဦးက ပြောပါတယ်။

“မဲသွားပေးတဲ့အခါ အမှန်ခြစ်ကိုပေးဖို့ဆိုပြီး ဌာနဆိုင်ရာအကြီးအကဲတယောက်က
သူတို့ဌာနမှာ ခေါ်ပြီးပြောတယ်။ သူတို့ကတော့ လောဘကြီးပုံရပါတယ်။ အမှားကို တခု
မှ မလိုချင်ဘူးလို့ ပြောတယ်ခင်ဗျ။ ဖိအားသဘောပဲ သက်ရောက်သွားတာပေါ့။”

ရန်ကုန်တိုင်းထက်စာရင် မန္တလေးတိုင်း စက်မှုဝန်ကြီးဌာနလက်အောက်က စက်ရုံနဲ့
ဌာနတွေမှာ ထောက်ခံမဲပေးဖို့ကိစ္စကို အတော်လေး ဖိအားပေး လုပ်ဆောင်နေတယ်
လို့လည်း ပြောပါတယ်။ သင်္ကြန်ပွဲတော်ကာလအပြီး ရုံးပြန်တက်ကြတဲ့အခါ တောင်သာ၊
ဝမ်းတွင်း အစရှိတဲ့ နယ်ဘက်တွေက ၀န်ထမ်းတွေဆိုရင် ထောက်ခံမဲကိုသာ ပေးပါ့
မယ်ဆိုတဲ့ ခံဝန်ကတိလက်မှတ် ထိုးရတဲ့အထိ ကြုံနေရတယ်လို့လည်း မန္တလေး
ဝန်ထမ်းအသိုင်းအ၀ိုင်းက ပြောပါတယ်။

အခုလို မြန်မာနိုင်ငံတွင်းမှာလုပ်မယ့် လူထုဆန္ဒခံယူပွဲကိစ္စတွေမှာ တရားမျှတမှု၊
လွတ်လပ်မှု ကင်းမဲ့သလို မှန်ကန်တဲ့သဘောထားတွေကို ထုတ်ဖော်နိုင်မှာ မဟုတ်ဘူး
လို့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးလိုလားတဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ထောက်ပြပြောဆိုနေပါတယ်။

ဒီနေ့ နေ့စွဲနဲ့ပဲ ပြင်သစ်အခြေစိုက် နယ်ခြားမဲ့သတင်းထောက်များအဖွဲ့ (အာရ်အက်စ်
အက်ဖ်) နဲ့ မြန်မာသတင်းသမဂ္ဂတို့က ပူးတွဲပြီး မြန်မာနိုင်ငံမှာပြုလုပ်မယ့် လူထုမဲဆန္ဒ ဖော်ထုတ်ရေးကိစ္စတွေမှာ မဲစာရင်းတွေအပေါ် ထိန်းချုပ်နိုင်ဖို့၊ သတင်းအမှောင်ချ
ထားဖို့တွေကို မြန်မာစစ်အစိုးရက ကြိုးစားနေတယ်လို့ ဒီနေ့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒီလိုလုပ်ဆောင်မှုတွေ လုပ်နေတဲ့အပေါ် အားလုံးက လိုလိုလားလားနဲ့ လက်ခံသဘောကျကြတာတော့ မဟုတ်ပါဘူး။ ဆန့်ကျင်ကန့်ကွက် လှုပ်ရှားမှုတွေက
လည်း ရန်ကုန်နဲ့ နယ်မြို့တွေမှာ ရှိနေတာပါ။ ဒီကနေ့ ရန်ကုန်မြို့မှာလည်း လူငယ်တချို့
က ဆန္ဒခံယူပွဲ ဆန့်ကျင်လှုပ်ရှားမှုတွေ ရှိခဲ့တယ်ဆိုတော့ ကိုအောင်လွင်ဦးက ဆက်ပြီး တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရဘက်က ဒီလူထုဆန္ဒခံယူပွဲကို ထောက်ခံကြဖို့ စည်းရုံးရေးတွေ အရှိန်
မြှင့် လုပ်ဆောင်နေသလို ဒါကို လက်မခံနိုင်ကြတဲ့ အတိုက်အခံတွေ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေကလည်း ဆန့်ကျင်လှုပ်ရှားမှုတွေ လုပ်နေတာပါ။ အခုနောက်ဆုံး
ရန်ကုန်တိုင်း တာမွေမြို့နယ်မှာလည်း လူငယ်တချို့က ကန့်ကွက်မဲတွေထည့်ကြဖို့
လှုံ့ဆော်မှုတချို့ လုပ်ခဲ့သေးတယ်လို့ ကိုယ်တွေ့မြင်ခဲ့ရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) က ဦးသိန်းလှိုင်က ပြောပြပါတယ်။

“ကျနော် ရန်ကုန် တာမွေဈေးကိုရောက်သွားတယ်။ အဲဒီမှာ အ၀ါရောင်ပေါ်မှာ အရှေ့
ဘက်ကနေ နိုးလို့ပါတဲ့ တီရှပ်တွေကိုဝတ်ထားတဲ့ လူငယ်ကိုးယောက်၊ အဲဒီမှာ
ယောက်ျားတွေရော၊ မိန်းကလေးတွေရောပါတယ်။ သူတို့က အန်န်အယ်လ်ဒီကထုတ်
တဲ့ ပြည်သူသို့ပန်ကြားချက်လို့ ထင်ရတဲ့ တံဆိပ်တုံးတွေ ရိုက်ထားတဲ့ စာရွက်တွေကို ဈေးသူဈေးသားတွေ၊ ဈေးလာဝယ်သူတွေ၊ ဆိုက်ကားဆရာတွေကို ဖြန့်ကြတယ်။
အကုန်လုံးဖြန့်ပြီး ကျနော်ရှိနေတဲ့အချိန် မိနစ်ပိုင်းလောက်မှာပဲ တနာရီကျော်ကျော်
လောက်မှာ တက်စီငှားပြီးတော့ ပြန်သွားကြတယ်။”

ဒီလူငယ်တွေရဲ့ အခုလှုံ့ဆော်မှုအပြီး နာရီပိုင်းအတွင်းမှာပဲ မြန်မာစစ်အစိုးရရဲ့ အရပ်သားလက်နက်ကိုင် အဖွဲ့ဝင်တွေ ရောက်လာခဲ့ပေမယ့် အာဏာပိုင်တွေဘက်က အရေးယူဆောင်ရွက်တာမျိုးတော့ မရှိခဲ့ဘူးလို့ ဦးသိန်းလှိုင်က ပြောပါတယ်။

“တနာရီကျော်ကျော် သူတို့ပြန်သွားပြီး မိနစ်နှစ်ဆယ်ဝန်းကျင်လောက်မှာ ဒိုင်နာနှစ်စီး
နဲ့ စွမ်းအားရှင်တွေရောက်လာတယ်။ မျက်နှာတွေ ပြူးတူးပြဲတဲနဲ့ ဈေးထိပ်ကို ကျီးကန်း တောင်းမှောက်ကြည့်တယ်။ လူတွေကတော့ သူတို့ကို ဘာမှဂရုမစိုက်ကြဘူး။ တချို့
ဆိုရင် ပလက်ဖောင်းပေါ်မှာ မတ်တပ်ရပ်ပြီး အသံထွက်ပြီး ဖတ်တဲ့လူကဖတ်တယ်။
တချို့လည်း ကန့်ကွက်မဲပေးဖို့ ပြောကြတယ်။ အဲဒီလိုပဲ ပြည်သူကြားထဲမှာ ဒီဟာတွေ
ကို ဖတ်နေတယ်။ စွမ်းအားရှင်တွေလည်း သူ့ဟာသူ လိပ်ပြာမလုံဘဲ ဒိုင်နာပေါ်တက်ပြီး ချက်ချင်းမောင်းထွက်သွားတယ်။ ဘာမှဖမ်းဆီးတာတော့ မရှိဘူး။”

အန်န်အယ်လ်ဒီ ရခိုင်ပြည်နယ် တွဲဖက်အတွင်းရေးမှူး ဦးသိန်းလှိုင် ရန်ကုန်မြို့က
သူ့အတွေ့အကြုံကို ပြောပြခဲ့တာပါ။ အလားတူ မြန်မာစစ်အစိုးရက ကျင်းပပေးဖို့ရှိတဲ့ လူထုဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲတွေပေးကြဖို့ လှုံ့ဆော်မှုတွေဟာလည်း ရခိုင်ပြည်နယ် နေရာအတော်များများမှာ ဖြစ်ပွားခဲ့လို့ လူတချို့ အဖမ်းအဆီးခံရတဲ့အထိ ဖြစ်ခဲ့ပေမယ့် ကန့်ကွက်တဲ့လှုပ်ရှားမှုတွေက စစ်တွေမြို့မှာ မနေ့ကအထိ ဖြစ်ပွားခဲ့သေးတယ်လို့လည်း ဦးသိန်းလှိုင်က ပြောပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story

  More From VOA
နိုင်ငံတကာ ကြက်ခြေနီ၏ ပထမဆုံး လေယာဉ် အကူအညီ ရောက်ရှိ  Audio Clip Available
စစ်အစိုးရ နာမည် ကောင်းရအောင် ဆောက်ရွက်ခဲ့မှုကြောင့် ဂျွန်မက်ကိန်း၏ ထိပ်တန်း လက်ထောက် နှုတ်ထွက်  Audio Clip Available
နိုင်ငံတကာ ကြက်ခြေနီ ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့သင်္ဘောနစ်မြုပ်  Audio Clip Available
ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အနုပညာရှင်များကူညီနေ  Audio Clip Available
မုန်တိုင်းဒုက္ခသည်တွေ အကူအညီစောင့်နေစဉ် ပြည်သူ့ဆန္ဒခံယူပွဲ လုပ်နေ  Audio Clip Available
နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေ မြန်မာပြည်ဝင်ခွင့်ရရေး တောင်းဆို  Audio Clip Available
မုန်တိုင်းကြောင့် လူတွေသေဆုံးလင့်ကစား ပြည်သူ့ဆန္ဒခံယူပွဲလုပ်  Audio Clip Available
မုန်တိုင်းသင့်ပြည်သူများ ကူညီရေး နှောင့်နှေးနေတဲ့ကြားက ကျင်းပတဲ့ ဆန္ဒခံယူပွဲ ဘ၀င် မကျသူများပြား  Audio Clip Available
လေဘေးသင့်ပြည်သူများအတွက် နိုင်ငံတကာအကူအညီကို အာဏာပိုင်များ နှောင့်နှေးအောင်လုပ်ဆဲ  Audio Clip Available
ဆန္ဒမဲပေးပွဲ မဲပေးသူနည်း၊ အာဏာပိုင်များ၏ မသမာမှု များပြား