Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
သြစတြေးလျနိုင်ငံက အိုလံပစ်မီးရှူးတိုင် လက်ဆင့်ကမ်းပွဲမှာ မြန်မာ့အရေးလှုပ်ရှားသူတွေ ကန့်ကွက်ဆန္ဒပြ

24 April 2008
ဦးသားညွန့်ဦး - အစီအစဉ်ကိုရယူရန် (MP3) audio clip
ဦးသားညွန့်ဦး - နားဆင်ရန် (MP3) audio clip

Tibetan protesters yell at Chinese protesters during the 2008 Beijing Olympics torch relay in Canberra, Australia, Thursday, April 24, 2008.AP
သြစတြေးလျနိုင်ငံ ကင်ဘာရာတွင် အိုလံပစ်မီးရှူးတိုင်လှည့်လည်စဉ်
တိဘက်အရေးလှုပ်ရှားသူများက ကန့်ကွက်ဆန္ဒပြကြစဉ်။
ဧပြီ ၂၄၊ ၂၀၀၈
(ဓာတ်ပုံ-အေပီ)
၂၀၀၈ ပီကင်းအိုလံပစ်မီးရှူးတိုင်ကို ဒီကနေ့ သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့မှာ
လှည့်လည်ပါတယ်။ သြစတြေးလျ မြန်မာ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ မြန်မာ့
အရေးထောက်ခံသူ သြစတြေးလျလူမျိုးတွေ
ဟာ တခြား တိဘက်လွတ်မြောက်ရေး
လှုပ်ရှားသူ၊ တရုတ်ဆန့်ကျင်ရေး လှုပ်ရှားသူ
တွေနဲ့ တွဲပြီး မီးရှူးတိုင်အလာမှာ စောင့်ပြီး
ဆန္ဒပြတာတွေ ဖြစ်ခဲ့ပါတယ်။ အကြောင်းစုံ
ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

၂၀၀၈ ပီကင်းအိုလံပစ် မီးရှူးတိုင်ဟာ မနေ့
ကတည်းက သြစတြေးလျနိုင်ငံ ကင်ဘာရာမှာ ရောက်နေပေမယ့် ဒီကနေ့မှ စတင်
လှည့်လည်တာပါ။ မြန်မာ့အရေးလှုပ်ရှားသူတွေ အပါအ၀င် တိဘက်အရေးလှုပ်ရှားသူ
တွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ တရုတ်လိုလားသူ အုပ်စုတွေအကြား အပြန်
အလှန် အော်ဟစ်တာတွေအထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မီးရှူးတိုင်ကို လုပြီး မီးငြှိမ်းသတ်ဖို့ကြိုးစားတဲ့ တိဘက်အရေးလှုပ်ရှားသူအချို့လည်း အဖမ်းအဆီးခံရပါ
တယ်။ အဖြစ်အပျက်နဲ့ပတ်သက်လို့ အဲဒီမှာရှိနေတဲ့ မြန်မာ့အရေးလှုပ်ရှားသူ
ကိုထွန်းထွန်းဦးကို မေးကြည့်ပါတယ်။

“ဒီနေ့ လှည့်လည်မှုက ခဏလေးပါ။ တရုတ်သံရုံးကနေ သြစတြေးလျမှာရှိတဲ့ တရုတ်
ကွန်မြူနတီတွေ ခေါ်ပြီးတော့ ကြိုဆိုခိုင်းတဲ့သဘော မဟုတ်ဘဲနဲ့ ဆန္ဒပြတဲ့သူတွေကို ပြဿနာရှာခိုင်းတဲ့သဘောနဲ့ လုပ်သွားတော့ လုံခြုံရေးအရ နည်းနည်းလေး တင်းကျပ်
ပြီး မြန်မြန်ဆန်ဆန်ပြီးသွားအောင် လုပ်လိုက်တာပါ။”

အဲဒီမှာ မြန်မာ့ဒီမိုကရေစီအင်အားစုတွေ ဆန္ဒပြကြတယ်လို့ သိရပါတယ်။ ဘယ်လို
ပြကြလဲ၊ လူဘယ်လောက်လောက်ရှိပါသလဲ။

“ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေအနေနဲ့တော့ နည်းပါတယ်။ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေကို ကူညီပြီး စာနာတဲ့ သြစတြေးလျမှာရှိတဲ့ ယူနိုလို့ခေါ်တဲ့ အန်န်ဂျီအို
ရယ်၊ အန်န်အယ်လ်ဒီ-အယ်လ်အေ သြစတြေးလျဌာနခွဲရယ်တွဲပြီး တိဘက်တွေနဲ့
လာပြီး ပူးပေါင်းဆန္ဒပြကြတာပါ။”

အားလုံးက အေးအေးချမ်းချမ်းပဲလား၊ ခိုက်ရန်ဖြစ်တာတွေရောရှိလား။

“မအေးချမ်းဘူးခင်ဗျ။ တရုတ်ကနေလာတဲ့ ကျောင်းသားတွေက တော်တော်မိုက်ရိုင်း
တယ်။ ဗမာအရေးဖြစ်ဖြစ်၊ တိဘက်အရေးဖြစ်ဖြစ် လာပြီး ဆန္ဒပြကြတဲ့ သြစတြေးလျ
လူမျိုးတွေကို ရန်ရှာတယ်။ မင်းတို့က ဘာဖြစ်လို့ ပြတာလဲ၊ မင်းတို့သြစတြေးလျနိုင်ငံ
မှာလည်း ဒီလိုသဘောမျိုး ပြဿနာရှိတယ်ပေါ့။ အဲဒါပဲလိုက်ပြောပြီး လိုက်မေးတယ်။ ကျနော်တို့ဆီမှာပါတဲ့ အန်န်အယ်လ်ဒီတံဆိပ်တွေ အန်န်အယ်လ်ဒီ အမှတ်အသားပါတဲ့
အင်္ကျီတွေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆိုအမိန့်တွေ၊ အဲဒါတွေကို ခေါ်ခေါ်မေးပြီးတော့ မင်းတို့နဲ့ဘာဆိုင်လို့လဲလို့ လျှောက်မေးပြီး ပြဿနာရှာတယ်။”

ဒီတရုတ်ကျောင်းသားတွေက သြစတြေးလျမှာ ကျောင်းတက်နေတဲ့ ကျောင်းသားတွေ
လား၊ တရုတ်ပြည်မကြီးကပါလာတဲ့ ကျောင်းသားတွေလား။

“သြစတြေးလျတ၀ိုက်မှာကျောင်းတက်တဲ့ ကျောင်းသားတွေပါ။”

ဆန္ဒပြတဲ့အင်အားရော ဘယ်လောက်ရှိလဲ။

“ဆန္ဒပြတဲ့လူအင်အားက ဒီနေ့ဆို တထောင်ဝန်းကျင်လောက်ရှိပါတယ်။ ဒါပေမယ့် တရုတ်တွေဘက်က သုံးထောင်လောက်ရှိပါတယ်။”

မီးရှူးတိုင်ဖြတ်သွားတဲ့ဘေးမှာပဲ ဆန္ဒပြကြတာလား။

“ဟုတ်ပါတယ်။ အဲလိုပြကြရင်းနဲ့ ပြန်လည်းပြန်ကြရော ရန်တွေဖြစ်ကြတာရှိတယ်။ လေးငါးပွဲလောက်ဖြစ်ကြတယ်။”

ဘယ်လိုဖြစ်ကြတာလဲခင်ဗျ။

“တချို့က တိဘက်အလံကို တရုတ်တွေက ဆွဲလုပြီး ထွက်ပြေးတာတို့၊ ပါကစ္စတန်နားက ပြည်နယ်လေးတခုကို တရုတ်အသိမ်းခံထားရတာ နှစ်ပေါင်းများစွာရှိပြီ။ အဲဒီက
လူမျိုးစုအလံတွေ ယူပြီး ထွက်ပြေးလာတယ်။ ပြီးတော့ ရိုက်ကြ၊ နှက်ကြ အဲဒီပြဿနာ
တွေ အများကြီးကြုံခဲ့တယ်။”

ဒီမတိုင်ခင်က သြစတြေးလျ လုံခြုံရေးအာဏာပိုင်တွေဘက်က တစုံတရာ သတိပေး
ပြောဆိုတာတွေ၊ မလုပ်ဖို့ ဟန့်တားတာတွေရောရှိလား။

“လုံးဝမရှိပါဘူးခင်ဗျ။”

အရင် အင်္ဂလန်တို့ ပြင်သစ်တို့မှာဖြစ်ခဲ့သလို မီးရှူးတိုင်ကို ၀င်လုဖို့ ကြိုးစားတာတို့
ဘာတို့ ဒီအခြေအနေမျိုးတွေရော ရောက်လား။

“ရောက်တယ်။ ခုနှစ်ယောက် အဖမ်းခံလိုက်ရတယ်။ တိဘက်လူမျိုးတွေ။”

ဘယ်လိုအဖမ်းခံရလဲခင်ဗျ။

“မီးရှူးတိုင်ဖြတ်တဲ့အချိန်မှာ ၀င်လုဖို့ သူတို့ကြိုးစားတယ်။ မြန်မာ့အရေးလုပ်တဲ့ လူတွေ
က တရုတ်ကိုဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး Free Tibet တို့၊ Free Burma
တို့၊ စစ်လက်နက်ပစ္စည်းတွေ မြန်မာကိုရောင်းတဲ့ကိစ္စတွေ မလုပ်ဖို့တို့ အဲဒါမျိုးတွေ
ဆန္ဒပြကြတယ်။”

မီးရှူးတိုင်ဟာ သြစတြေးလျကို အင်ဒိုနီးရှားကနေ ရောက်လာတာပါ။ ဒီကနေ လာမယ့်
ဧပြီ ၂၆ ရက်နေ့ဆိုရင်တော့ ဂျပန်နိုင်ငံကို ရောက်ရှိမှာဖြစ်ပါတယ်။ မီးရှူးတိုင်ဟာ
အင်္ဂလန်၊ ပြင်သစ်မှာရှိတုန်း အပြင်းအထန် ဆန့်ကျင်ဆန္ဒပြတာတွေ ခံရပေမယ့်
အာဖရိကနဲ့ အာရှနိုင်ငံအချို့ ရောက်တဲ့အခါမှာတော့ သက်ဆိုင်ရာအာဏာပိုင်တွေက တင်းကျပ်မှုတွေလုပ်တာကြောင့် အတော်လေး ဆန္ဒပြတာတွေ နည်းသွားတယ်လို့
ပြောရမှာပါ။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story

  More From VOA
နိုင်ငံတကာ ကြက်ခြေနီ၏ ပထမဆုံး လေယာဉ် အကူအညီ ရောက်ရှိ  Audio Clip Available
စစ်အစိုးရ နာမည် ကောင်းရအောင် ဆောက်ရွက်ခဲ့မှုကြောင့် ဂျွန်မက်ကိန်း၏ ထိပ်တန်း လက်ထောက် နှုတ်ထွက်  Audio Clip Available
နိုင်ငံတကာ ကြက်ခြေနီ ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့သင်္ဘောနစ်မြုပ်  Audio Clip Available
ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အနုပညာရှင်များကူညီနေ  Audio Clip Available
မုန်တိုင်းဒုက္ခသည်တွေ အကူအညီစောင့်နေစဉ် ပြည်သူ့ဆန္ဒခံယူပွဲ လုပ်နေ  Audio Clip Available
နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေ မြန်မာပြည်ဝင်ခွင့်ရရေး တောင်းဆို  Audio Clip Available
မုန်တိုင်းကြောင့် လူတွေသေဆုံးလင့်ကစား ပြည်သူ့ဆန္ဒခံယူပွဲလုပ်  Audio Clip Available
မုန်တိုင်းသင့်ပြည်သူများ ကူညီရေး နှောင့်နှေးနေတဲ့ကြားက ကျင်းပတဲ့ ဆန္ဒခံယူပွဲ ဘ၀င် မကျသူများပြား  Audio Clip Available
လေဘေးသင့်ပြည်သူများအတွက် နိုင်ငံတကာအကူအညီကို အာဏာပိုင်များ နှောင့်နှေးအောင်လုပ်ဆဲ  Audio Clip Available
ဆန္ဒမဲပေးပွဲ မဲပေးသူနည်း၊ အာဏာပိုင်များ၏ မသမာမှု များပြား