Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
တိုကျိုမြန်မာသံရုံးရှေ့ ဆန္ဒပြပွဲ ရဲနဲ့ရုန်းရင်းဆန်ခတ်ဖြစ်၊ တချို့ အဖမ်းခံရ

26 April 2008
ဒေါ်အေးအေးမာ - အစီအစဉ်ကိုရယူရန် (MP3) audio clip
ဒေါ်အေးအေးမာ - နားဆင်ရန် (MP3) audio clip

Burmese Protest at Burmese Embassy Tokyo
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေဆိုင်ရာ ဆန္ဒမဲပေးဖို့ တိုဂျိုမြို့မြန်မာသံရုံးရှေ့  ဆန္ဒပြတောင်းဆို။ (ဓါတ်ပုံ-အေပီ)

တိုကျိုမြန်မာသံရုံးရှေ့မှာ စုရုံး ရောက်ရှိလာကြတဲ့ မြန်မာ နိုင်ငံသား ၁၅၀ ကျော်တို့ဟာ ဂျပန်နိုင်ငံ မြန်မာသံရုံးမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေဆိုင်ရာ ဆန္ဒမဲပေးဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ မြန်မာနိုင်ငံကူး လက်မှတ်ကိုင်ဆောင် ထားသူတွေ အခုလို ရာနဲ့ချီပြီး မြန်မာ သံရုံးထဲကိုဝင်ဖို့ တောင်းဆိုကြတဲ့အခါမှာ သံရုံးထဲက မြန်မာအရာရှိတွေက ဂျပန် ရဲတပ်ဖွဲ့ကို ခေါ်ယူလိုက်တဲ့အတွက် သံရုံးရှေ့က မြန်မာနိုင်ငံသားတွေနဲ့ ဂျပန်ရဲတွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြရပါတယ်။

မြန်မာနိုင်ငံသားတချို့ အဖမ်းအဆီးခံခဲ့ရပြီး တချို့ လည်း ထိခိုက်ဒဏ်ရာ ရရှိသွားကြပါတယ်။ ဗွီအိုအေမြန်မာအစီအစဉ် ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက စုံစမ်းထားသမျှ သတင်းပေးပို့ထားပါတယ်။

မြန်မာစစ်အစိုးရ၏ လူထုဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီး မဲပေးဖို့အတွက် ဂျပန်နိုင်ငံမှာရှိတဲ့ မြန်မာသံရုံးက မြန်မာတချို့ ကိုသာ ဖိတ်ကြားခဲ့တာကြောင့် ဖိတ်ကြားခြင်းမခံရတဲ့ မြန်မာပတ်စ်ပို့စ် ကိုင်ဆောင်ထားသူ လူအင်အား ၅၀၀ ကျော်တို့ဟာ ငါတို့လည်း မဲပေးမယ်ဆိုပြီး ကြွေးကြော် အော်ဟစ်ခဲ့တာကြောင့် ဂျပန်ရဲတွေနဲ့ အထိကရုဏ်းဖြစ်ပြီး မြန်မာအယောက် ၂၀ ခန့် ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။ ကြွေးကြော်တဲ့ လူအုပ်ကြီးရောက်လာတဲ့အချိန်မှာ ဂျပန်နိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကနေ ဂျပန်ရဲတွေကိုခေါ်ပြီး နှိမ်နှင်းခိုင်းခဲ့ပါတယ်။ ဂျပန်စံတော်ချိန် မနက် ၈ နာရီလောက်ထဲကနေ မဲပေးဖို့စောင့်နေတဲ့ မြန်မာနိုင်ငံသားတဦးကတော့ သူတို့ဆန္ဒပြဖို့လာတာ မဟုတ်ဘူးလို့ အခုလို ပြောပါတယ်။

"ဆန္ဒပြဖို့လာတာမဟုတ်ပါဘူး မဲပေးပိုင်ခွင့် ရဖို့လာပြီး တောင်းဆိုကြတာပါ။ ကျနော်တို့ အရင်လို့ ဆန္ဒပြတဲ့ပုံစံ - ဒေါ်စုဓါတ်ပုံတို့ ဘာတို့ မပါဘူး။ ကျနော်တို့ ကိုယ့်ပတ်စ်ပိုစ်နဲ့လာပြီး မြန်မာနိုင်ငံသားတွေ ဘယ်သူမဆို မဲပေးပိုင်ခွင့်ရှိတယ် ဆိုတဲ့အချက်ကြောင့် ကျနော်တို့အခုလို ဒီကိုလာပြီး မဲပေးပိုင်ခွင့် လာတောင်းဆိုတာပါ။"

သို့သော်လည်း ပတ်စ်ပိုစ်ကိုင်ဆောင်ထားတဲ့ မြန်မာတွေကတော့ သူတို့ပေးမယ့် မဲက ကန့်ကွက်မဲ ဖြစ်တယ်လို့လည်း ပြောဆိုနေပါတယ်။

"ကျနော်တို့ ဂျပန်နိုင်ငံမှာရှိတဲ့ မြန်မာတွေက နိုင်ငံရေး အသိအမြင်ရှိကြတော့ ဒီကလူတွေကို နည်းနည်း စည်းရုံးလိုက်ရင် သေချာတယ် ကျနော်တို့ ဒီက လုံးဝ ထောက်ခံမဲတခုမှ ရှိမှာမဟုတ်ဘူး။"

ဂျပန်နိုင်ငံမှာရှိတဲ့ မြန်မာသံရုံးရဲ့ အလိုကျ မဲပေးဖို့ရောက်လာသူတွေရှေ့ကနေ ကန့်ကွက်မဲ ပေးဖို့လာသူများက တံခါးဝမှာ ဆီးပြီးနေရာယူထားတာကြောင့် သံရုံးက ညနေ ၃ နာရီခွဲလောက်ထိ တံခါးဖွင့်မပေးဘဲ ဂျပန်ရဲကိုခေါ်ပြီး နှိမ်နှင်းခိုင်းခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ဂျပန်ရဲ ၁၀၀ ကျော်လောက် အလုံးအရင်းနဲ့ ရောက်ရှိလာပြီး လူအုပ်နဲ့တွန်းထုတ်ကာ ရိုက်နှက်တာကြောင့် လူ ၂၀ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

"ကိုယ်ဝန်ဆောင်မိန်းခလေးတဦးဆိုရင် ဆောင့်တွန်းခံရပြီး အောက်မှာ အနှင်းခံရတာကြောင့် ကိုယ်ဝန် အခြေအနေက ဘာမှမသိရသေးဘူး။ တယောက်ကဆိုရင် လက်ချောင်းလေးတွေ ကျိုးသွားပါတယ်။ ပြီးတော့ ခေါင်းပေါက်တဲ့လူ ခါးနာသွားတဲလူ ခြေထောက်ဒူးဂေါင်း အနာတရ ရသွားတဲသူ၊ ဒါပေမယ့် အခုထိ ဆေးရုံကနေ ဘာမှ အကျိုးအကြောင်း ပြန်မကြားသေးဘူး။ ဘာဖြစ်တယ်ဆိုတာကို အတိအကျ မသိသေးဘူး။ ဆေးရုံကား လေးငါးဆယ်စီးလောက် ဒီကလူတွေကို ခေါ်ထုတ်သွားခဲ့တာ။"

မဲပေးခွင့်တောင်းဆိုနေသူတွေကတော့ ဂျပန်ရဲတွေက နှိမ်နှင်းခဲ့ပေမယ့်လည်း သူတို့ သဘောထားကို ဆက်လျက် ထုတ်ဖော်သွားမယ်လို့ ဆိုပါတယ်။

"ဒီကလူတွေအတိုင်း ကျန်တဲ့နိုင်ငံကလူတွေ အကုန်လုံးလည်း ဂျပန်လိုမျိုး ကျင့်သုံးကြပါလို့ နအဖ မဟုတ်တာ လုပ်တာကို နိုင်ငံခြားရောက်နေတဲ့သူတွေက ပြတ်ပြတ်သားသား လုပ်ပိုင်ခွင့်ရှိပါတယ်၊ ဟန့်တားပိုင်ခွင့် ရှိပါတယ်၊ နအဖက အရှက်မရှိလို့ ဒီလောက်နှိမ်နှင်းတာပါ ကျနော်တို့က အဲဒါနဲ့ပတ်သက်ပြီး လျှော့ပေးနိုင်တဲ့ အနေအထား မရှိပါဘူး။ နိုင်ငံတခုမှာ တရားဥပဒေ ဆိုတာရှိတယ်။ ဂျပန်ရဲက ဥပဒေကြောင်းအရ ကျနော်တို့ကို အရေးယူပေမယ့် - ကျနော်တို့ဖက်က အလျှော့ပေးဖို့ ထုံးစံမရှိပါဘူး။ လျှော့မှာလည်း မဟုတ်ပါဘူး ဒါက ပြတ်ပြတ်သားသား တကမ္ဘာလုံးကို ပြောချင်ပါတယ်။ ဒီဂျပန်နိုင်ငံမှာ မြန်မာနိုင်ငံသားတွေကိုလည်း ကိုယ့်တာဝန်ကိုယ်ကျေကြဖို့ ကျနော် ပြောချင်ပါတယ်။"

ဂျပန်စံတော်ချိန် ၄ နာရီခန့်မှာတော့ ဂျပန်သံရုံးကနေ ဖိတ်ခေါ်ထားတဲ့လူတွေလို့ ယူဆရတဲ့လူတွေကို ၁၀ ဦးခန့်စီ ဂျပန်ရဲက ၀န်းရံပြီး မြန်မာသံရုံးထဲကို ပို့ပေးခဲ့ပါတယ်။ အဲဒီအချိန်မှာ ကန့်ကွက်မဲ ထည့်ဖို့အတွက် လူအုပ်ကြီးကလည်း ငါတို့လည်း မဲပေးမယ်ဆိုပြီး ကြွေးကြော်နေကြပါတယ်။ ဂျပန်မှာ လူထုဆန္ဒခံယူပွဲအတွက် မဲပေးဖို့အတွက် ၂၆ ရက် နဲ့ ၂၇ ရက်ကို သတ်မှတ်ထားခဲ့တာကြောင့် နောက်တနေ့မှာလည်း ဆက်ပြီးတော့ ဆန္ဒမဲပေးနိုင်ဖို့ တောင်းဆိုသွားကြမယ် ဖြစ်ကြောင်း ပြောဆိုနေကြပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story

  More From VOA
နိုင်ငံတကာ ကြက်ခြေနီ၏ ပထမဆုံး လေယာဉ် အကူအညီ ရောက်ရှိ  Audio Clip Available
စစ်အစိုးရ နာမည် ကောင်းရအောင် ဆောက်ရွက်ခဲ့မှုကြောင့် ဂျွန်မက်ကိန်း၏ ထိပ်တန်း လက်ထောက် နှုတ်ထွက်  Audio Clip Available
နိုင်ငံတကာ ကြက်ခြေနီ ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့သင်္ဘောနစ်မြုပ်  Audio Clip Available
ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အနုပညာရှင်များကူညီနေ  Audio Clip Available
မုန်တိုင်းဒုက္ခသည်တွေ အကူအညီစောင့်နေစဉ် ပြည်သူ့ဆန္ဒခံယူပွဲ လုပ်နေ  Audio Clip Available
နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေ မြန်မာပြည်ဝင်ခွင့်ရရေး တောင်းဆို  Audio Clip Available
မုန်တိုင်းကြောင့် လူတွေသေဆုံးလင့်ကစား ပြည်သူ့ဆန္ဒခံယူပွဲလုပ်  Audio Clip Available
မုန်တိုင်းသင့်ပြည်သူများ ကူညီရေး နှောင့်နှေးနေတဲ့ကြားက ကျင်းပတဲ့ ဆန္ဒခံယူပွဲ ဘ၀င် မကျသူများပြား  Audio Clip Available
လေဘေးသင့်ပြည်သူများအတွက် နိုင်ငံတကာအကူအညီကို အာဏာပိုင်များ နှောင့်နှေးအောင်လုပ်ဆဲ  Audio Clip Available
ဆန္ဒမဲပေးပွဲ မဲပေးသူနည်း၊ အာဏာပိုင်များ၏ မသမာမှု များပြား