Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
နာဂစ် မုန်တိုင်းဒဏ် လူ၃၅၀ကျော် သေဆုံး

04 May 2008
အောင်လွင်ဦး - အစီအစဉ်ကိုရယူရန် (MP3) audio clip
အောင်လွင်ဦး - နားဆင်ရန် (MP3) audio clip

အင်အားပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခံရတာကြောင့် မြန်မာနိုင်ငံက မြို့ကြီးတချို့မှာ ပျက်စီးဆုံးရှုံးမှုတွေနဲ့အတူ လူအသေအပျောက် ရာနဲ့ချီရှိနေပြီလို့ အစိုးရရုပ်မြင်သံကြား သတင်းက ပြောဆိုလိုက်ပါတယ်။ မုန်တိုင်းဒဏ်ခံရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ နောက်ဆုံး အခြေအနေ တွေ သိရသမျှကို ဦးအောင်လွင်ဦးက တင်ပြပေးပါမယ်။

နာဂစ် (Nargis) အမည်ရတဲ့ ဆိုင်ကလုန်းမုန်တိုင်း မြန်မာနိုင်ငံထဲဝင် ရောက်တိုက်ခတ် လာရာမှာ အခုနောက်ဆုံး သိရသလောက်ဆိုရင် ဧရာဝတီတိုင်းထဲမှာ ပျက်ဆီးဆုံးရှုံးမှုတွေ လူအသေအပျောက် တွေ အတော့်ကိုများခဲ့တယ်လို့ ကြားရပါတယ်။ မုန်တိုင်း ၀င်ရောက်ခဲ့တဲ့ ဧရာဝတီတိုင်းထဲမှာဆိုရင် လူပေါင်း (၂၂၂) ယောက် သေဆုံးခဲ့ပြီး ရန်ကုန်မြို့မှာလည်း (၁၉) ယောက်အထိ သေဆုံးခဲ့တယ်လို့ မြန်မာစစ်အစိုးရရဲ့ မြ၀တီရုပ်မြင်သံကြား သတင်းက ကြေငြာက ပြောဆိုလိုက်တာပါ။

“ယခုထက်ထိ ရရှိတဲ့ သတင်းများအရ ရန်ကုန်တိုင်းအတွင် အမျိုးသား (၈)ဦး၊ အမျိုးသမီး (၁၁)ဦး၊ ပေါင်း (၁၉)ဦး၊ ဧရာဝတီတိုင်းအတွင်း မော်လမြိုင်ကျွန်းမြို့နယ်မှာ (၁၁၇)ဦး၊ အမာမြို့နယ် ခေတ္တာကျွန်းမှာ (၃၂)ဦး၊ တော်ဈေးတန်းကျွန်းရွာမှာ (၁၇)ဦး၊ အိမ်မဲမြို့မှာ (၂)ဦး၊ လပွတ္တာမြို့မှာ (၁)ဦးနဲ့ ဟိုင်းကြီးကျွန်းမှာ (၅၃)ဦး၊ ဧရာဝတီတိုင်းအတွင်း စုစုပေါင်း (၂၂၂)ဦး သေဆုံးမှုရှိခဲ့ကြောင်း သိရှိရပါတယ်။”

အစိုးရရဲ့ မြ၀တီ ရုပ်မြင်သံကြားသတင်းက အနည်းဆုံးလူပေါင်း (၂၄၁) ယောက်အထိ သေဆုံးခဲ့ပြီ ဖြစ်တဲ့အကြောင်း ကြေငြာသွားတာပါ။ ဧရာဝတီတိုင်းထဲက လပွတ္တာ၊ ကျိုက်လတ် စတဲ့မြို့တွေမှာ အဆိုးဆုံးထိခိုက်မှုတွေ ရှိခဲ့သလို၊ လှေ သင်္ဘောတွေ နစ်မြှပ်တာတွေ ရှိခဲ့ပြီး ဒီမုန်တိုင်းကြောင့် အိမ်ခြေ ပေါင်းထောင်နဲ့ချီပြီး ပျက်စီးဆုံးရှုံးခဲ့တယ်လို့လည်း ရန်ကုန်ကလာတဲ့ သတင်းတွေကဆိုကြ ပါတယ်။ မုန်တိုင်းဝင်ရောက်ခဲ့တဲ့ မြို့တွေက အခြေအနေတွေကို သိရဖို့အတွက် ဆက်သွယ် စုံစမ်း ပေမယ့်လည်း တယ်လီဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေနဲ့ လျှပ်စစ်မီး ပြတ်တောက်နေတာမို့ အသေးစိတ် အခြေအနေတွေကို သိရဖို့ အခက်အခဲတွေ ရှိနေဆဲဖြစ်ပါတယ်။ တနာရီ မိုင် (၁၂၀) ကျော်နှုန်းနဲ့ တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံခဲ့ရလို့ ထိခိုက်ပျက်စီးမှုတွေ အကြီးအကျယ် ရှိခဲ့တဲ့ ရန်ကုန်မြို့က အခြေအနေနဲ့ ပတ်သတ်လို့တော့ မြို့ခံတဦးက အခုလို ပြောပြပါတယ်။

“အိမ်တွေ အကုန် ပျက်ကုန်တယ်။ သစ်ပင်များတဲ့နေရာတွေ ပိုပျက်တာပေါ့။ မီးလည်းမလားဘူး။ အိမ်မိုးမှာကာထားတဲ့ သွပ်ပါလန်ထွက်သွားတယ်။ ဆိုးတာက ဒီအချိန်မှာ ဘာမှ လုပ်လို့ မရဘူး။ ဘာဆိုင်မှလည်း မဖွင့်ဘူး။ ဆိုင်တွေ အကုန် ပိတ်ထားတယ်။ တက္ကဆီတွေလည်း မရှိတော့ဘူး။ ဒုက္ခတွေရောက်ကုန်ပြီ။ ဆီဈေးက အခု (၆၀၀၀)ကျော်ရောက်သွားပြီ။ တချို့နေရာဆို(၆၅၀၀-၇၀၀၀)ဖြစ်နေတယ်။ လူတွေကလည်း အိုးမဲ့အိမ်မဲ့ဖြစ်နေကြတယ်။ စားစရာလည်း မရှိတော့ဘူး။  ကြက်ဥတလုံး အခု (၂၀၀)ဖြစ်နေပြီ။ ရပ်ကွက်ထဲမှာ မီးတွေကလည်း တလလောက်ပျက်မယ် ကြားနေရတယ်။”

သက်ဆိုင်ရာ အာဏာပိုင်တွေဖက်ကတော့ မုန်တိုင်းဒဏ် ခံခဲ့ရသူတွေအတွက် ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ပေးနေသလို မြန်မာစစ်အစိုးရရဲ့    ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် က အရေးပေါ် အစည်းအဝေးတခု ခေါ်ယူပြီး ကယ်ဆယ်ရေးလုပ်ငန်းနဲ့ ပတ်သက်လို့ ကော်မတီတခု ကို ဖွဲ့စည်းလိုက်တဲ့အကြောင်း အစိုးရပိုင် သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုလို အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုတွေ ထိခိုက်မှုတွေ ရှိနေရာမှာ အာဏာပိုင်တွေဖက်က ထိထိ ရောက် ရောက် ဆောင်ရွက်ပေးနိုင်တဲ့ အခြေအနေမှာ မရှိဘူးလို့လည်း ရန်ကုန်မြို့ခံက သူ့ အတွေ့အကြုံကို ပြောပြပါသေးတယ်။

“အင်္ကျီပြာတွေနဲ့ ရဲတံဆိပ်တွေနဲ့ လူတွေတော့ တွေ့တယ်။ နိုင်ငံတော်က ဘာမှလည်း လုပ်မပေးဘူး။ သိတောင်မသိဘူးလား မသိဘူး။ ကြည့်ရတာ။ ရဲတွေ တန်းစီသွားတော့ ဘယ်သွားလဲ လိုက်ကြည့် တာ သူတို့ လွှတ်တော်အရှေ့သွားတာ။ လွှတ်တော်မှာ သစ်ပင်တွေလည်းနေတယ်လေ။ သူတို့ လက်ထဲမှာတော့ သေနတ်တွေပါတယ်။ ဓါးတချောင်းမှ မပါဘူး။ ဘာတွေလည်းမသိဘူး။ ဒိုင်းတွေ၊ ဒုတ်တွေနဲ့ သေနတ်တွေနဲ့ သွားနေကြတယ်။ ဘာလုပ်လဲကြည့်တော့သစ်ကိုင်းတွေကို လက်နဲ့ ချိုး နေတယ်။”

ကယ်ဆယ်ရေးလုပ်ငန်းတွေ ထိထိရောက်ရောက် မလုပ်နိုင်သေးတဲ့အကြောင်း မြို့ခံတယောက်က ပြောပြသွားတာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကနေ စတင်ပြီး တိုက်ခတ်လာတဲ့ လေမုန်တိုင်းဟာ ဟိုင်းကြီးကျွန်းကို ဖြတ်သန်းပြီး မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းကို ၀င်ရောက်လာတဲ့အခါမှာတော့ အား ပျော့ လာနိုင်ဖွယ်ရှိတယ်ဆိုပြီး မြန်မာနိုင်ငံ မိုးလေ၀သနဲ့ ဇလဗေဒဌာနက အစောပိုင်းက ခန့်မှန်း ထားခဲ့တာဖြစ်ပေမဲ့၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင် ပြည်နယ်တွေကို တော့ ဆိုင်ကလုန်းမုန်တိုင်း ဘေးသင့်ရာဒေသတွေအဖြစ် သတ်မှတ် ကြေငြာ ထားခဲ့တာပါ။ အခုနောက်ဆုံး အခြေအနေမှာတော့ ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံ အရှေ့မြောက်ဖက် ထိုင်းနိုင်ငံကို ဦးတည်ပြီးတော့ အားပျော့သွားပြီလို့လည်း မိုးလေ၀သခန့်မှန်းချက်တွေက ဆိုကြ ပါတယ်။ ဒီအတောအတွင်း အခုလိုထိခိုက်ပျက်စီးမှုတွေ ဖြစ်ခဲ့ရတဲ့နောက် မြန်မာစစ်အစိုးရက လာမယ့် စနေနေ့မှာ စတင်ကျင်းပဖို့ရှိတဲ့ လူထုဆန္ဒခံယူပွဲကို ဆက်ပြီး ကျင်းပဖြစ်မယ်၊ မကျင်းပ ဖြစ်ဘူး ဆိုတာနဲ့ ပတ်သက်လို့တော့ တစုံတရာ ထုတ်ပြန်ပြောဆိုတာမျိုး မကြားရသေးပါဘူး။

အခုနောက်ထပ် ရန်ကုန်ကလာတဲ့ အေပီ သတင်းတပုဒ်အရဆိုရင် သေဆုံးသူဦးရေဟာ အနည်းဆုံး ၃၅၁ ယောက် ရှိသွားပြီလို့လည်း အစိုးရသတင်းရပ်ကွက်ကို ကိုးကားပြီးဖော်ပြထားပါတယ်။ ကုလသမဂ္ဂ အနေနဲ့လည်း ထိခိုက်ဆုံးရှုံးမှုတွေနဲ့ ပတ်သက်လို့ အချက်အလက်တွေရဖို့ အဖွဲ့တွေ စေလွှတ်ဖို့ရှိပေမယ်လို့ အပျက်အစီးတွေနဲ့ ဆက်သွယ်ရေးပြတ်တောက်မှုတွေကြောင့် အခက်အခဲ တွေရှိနေတယ်လို့လည်း သတင်းက ဆိုပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story

  More From VOA
ဇင်ဘာဘွေ တကြော့ပြန် ရွေးကောက်ပွဲ အတိုက်အခံ ယှဉ်ပြိုင်ဖို့ စဉ်းစားဆဲ  Audio Clip Available
ပြင်းထန်တဲ့ ဆိုင်ကလုံးမုန်တိုင်း ရန်ကုန်နဲ့ မြို့နယ်များစွာကို တိုက်ခတ်    Audio Clip Available
ဆိုင်ကလုံးမုန်တိုင်းကြောင့် ရန်ကုန်မြို့ အကြီးအကျယ် ပျက်ဆီး  Audio Clip Available
လူထုဆန္ဒခံယူပွဲ လွတ်လပ်ပြီး အားလုံးပါဝင် နိုင်ဖို့ လုံခြုံရေး ကောင်စီ တိုက်တွန်း  Audio Clip Available
ဟောလီးဝုဒ် သရုပ်ဆောင်တွေ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး စည်းရုံးလှုပ်ရှား  Audio Clip Available
တောင်းဆိုချက်ကို မြန်မာနိုင်ငံ လိုက်နာမှုရှိမရှိ လုံခြုံရေးကောင်စီ စောင့်ကြည့်မည်  Audio Clip Available
မြန်မာ၊ တရုတ်နဲ့ ဆူဒန် ဘာသာရေး လွတ်လပ်ခွင့် အချိုးဖောက်ဆုံး သတ်မှတ်ခံရ  Audio Clip Available
အစိုးရ၀န်ထမ်းများထံက ကြိုတင်ဆန္ဒမဲ ကောက်ခံ  Audio Clip Available
အထိန်းသိမ်းခံ NLD ခေါင်းဆောင်များ မဲပေးခွင့်ရှိသူ အမည်စာရင်းထဲပါဝင်  Audio Clip Available