Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
မုန်တိုင်းဒဏ်ခံရအပြီး နိုင်ငံတကာ အကူအညီ လက်ခံရန် မြန်မာအစိုးရကို အမေရိကန် သမ္မတကတော် တိုက်တွန်း

06 May 2008
ဒေါ်လှလှသန်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
ဒေါ်လှလှသန်း - နားဆင်ရန် (MP3) audio clip

First lady Laura Bush makes a statement in the White House press room, Monday, May 5, 2008, about the situation in Myanmar.AP
အမေရိကန်သမ္မတကတော် လော်ရာဘုရှ်။
မေ ၅၊ ၂၀၀၈
ပြင်းထန်လှတဲ့ နာဂစ် ဆိုင်ကလုန်း
မုန်တိုင်းဒဏ်ကြောင့် တနေ့တခြား
သေဆုံးသူအရေအတွက်ဟာ တသောင်း
ကျော်အထိ တိုးလာနေတဲ့အတွက် နိုင်ငံ
တကာက မြန်မာပြည်က ဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့်နေသူတွေအတွက် စိုးရိမ်
တကြီး ဖြစ်နေကြပါတယ်။ အမေရိကန်
သမ္မတကတော် လော်ရာဘုရှ် (Laura
Bush) ကလည်း သမ္မတအိမ်ဖြူတော်မှာ သတင်းစာရှင်းလင်းပွဲတခု အရေးပေါ်ကျင်းပခဲ့ပြီး အမေရိကန်နိုင်ငံနဲ့ သူအပါအ၀င်
မြန်မာပြည်က ဒုက္ခသည်တွေအတွက် စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း ထုတ်ဖော်
ပြောဆိုပါတယ်။ အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ သမ္မတကတော်က ပြောဆို
သွားတဲ့ အပြည့်အစုံကို ဒေါ်လှလှသန်းက စုစည်းတင်ပြထားပါတယ်။

အမေရိကန်သမ္မတကတော် လော်ရာဘုရှ်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး
အတွက် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်ပေးခဲ့သူ ဖြစ်တဲ့အတိုင်း မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းဒဏ်ကြောင့် သေဆုံးသူဦးရေ ရာဂဏန်းကနေ ထောင်ဂဏန်း၊
ထောင်ဂဏန်းကနေ သောင်းဂဏန်းအထိ ရှိလာချိန်မှာ မြန်မာနိုင်ငံသားတွေနဲ့အတူ
ထပ်တူထပ်မျှ ကြေကွဲပါကြောင်း သမ္မတကတော်က အိမ်ဖြူတော်မှာ တနင်္လာနေ့ညနေ
သုံးနာရီခွဲမှာ ကျင်းပသွားတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

“အခုလို ကြေကွဲဖွယ်ရာဖြစ်ရပ်ကို မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေ ရုန်းကန်ရင်ဆိုင်နေရ
ချိန်မှာ အမေရိကန်နိုင်ငံသား အများစုလည်း ထပ်တူထပ်မျှ ခံစားကြသလို ဆုတောင်း
မေတ္တာလည်း ပို့သနေကြပါတယ်။” လို့ သမ္မတကတော်က ပြောကြားသွားခြင်းဖြစ်ပါ
တယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က မြန်မာနိုင်ငံဘက်ကို တနာရီ မိုင် ၁၂၀ နှုန်းနဲ့
တိုက်ခတ်လာတဲ့ နာဂစ်မုန်တိုင်းလမ်းကြောင်းကို စောစောကတည်းက မြန်မာအာဏာ
ပိုင်တွေ သိရှိလျက်နဲ့ မြန်မာနိုင်ငံသားတွေကို လုံလောက်တဲ့ ကြိုတင်ကာကွယ် သတိ ပေးချက်တွေမရှိဘဲ နိုင်ငံခြားသတင်းဌာနတွေကတဆင့် အသေးစိတ်ကြားသိရတဲ့
ဖြစ်ရပ်ကိုလည်း သမ္မတကတော်က ထောက်ပြသွားပါတယ်။

“မြန်မာနိုင်ငံသားအများစုဟာ ကျရောက်တော့မယ့် မုန်တိုင်းအန္တရာယ်ကို လွတ်လပ်တဲ့
အာရှအသံနဲ့ ဗွီအိုအေအသံလွှင့်ဌာန အစရှိတဲ့ နိုင်ငံခြားသတင်းဌာနတွေရဲ့ နှိုးဆော်
ချက်တွေကနေ ကြားသိရတဲ့အဖြစ်ဟာ စိတ်မကောင်းစရာပါ။ မြန်မာအာဏာပိုင်တွေ
အနေနဲ့ ကျရောက်တော့မယ့် မုန်တိုင်းအန္တရာယ်ကို ကြိုတင်သိထားကြပေမယ့် မြန်မာ
အစိုးရပိုင် သတင်းမီဒီယာတွေက အချိန်မီ လုံလောက်တဲ့ အသိပေးမှုတွေကို မုန်တိုင်း ချဉ်းကပ်လာတာနဲ့အမျှ အသိပေးနိုင်ခြင်းမရှိခဲ့တာ တွေ့ရတယ်။” လို့ သမ္မတကတော်
က ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ကြရတဲ့ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မွန်နဲ့ ကရင်
ပြည်နယ်တို့ကို အရေးပေါ်ဘေးဒုက္ခဒေသတွေအဖြစ် ကြေညာခဲ့ပေမယ့် အထူးသဖြင့် မုန်တိုင်းဒဏ်အဆိုးဆုံးခံခဲ့ရတဲ့ ဧရာဝတီတိုင်းမှာ ထိထိရောက်ရောက် အကူအညီ မပေးနိုင်ခဲ့တာကိုလည်း နိုင်ငံတကာအကူအညီပေးရေး အဖွဲ့အစည်းတွေက ထောက်ပြ
ခဲ့ကြပါတယ်။

အခုလို မြန်မာအာဏာပိုင်တွေဘက်က မုန်တိုင်းဒဏ်ခံရသူတွေကို ထိရောက်စွာ
အချိန်မီ အကူအညီပေးနိုင်မှု အားနည်းခဲ့တာကိုလည်း သမ္မတကတော်က ဝေဖန်သွား
ပါတယ်။

“အခုလို မုန်တိုင်းဒဏ်အပေါ် မြန်မာစစ်အစိုးရရဲ့ တုံ့ပြန်မှုဟာ မြန်မာနိုင်ငံသားတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိတဲ့ မြန်မာစစ်အစိုးရရဲ့ ဟာကွက်
တွေအနက် လတ်တလောအကျဆုံး သာဓကပါပဲ။ မြန်မာစစ်အစိုးရဟာ နိုင်ငံရဲ့
လယ်ယာစိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး ပြုစုစောင့်ရှောက်မှု စနစ်အားလုံးကို ပျက်သုဉ်းစေခဲ့ပါတယ်။ တချိန်က ချမ်းသာလှတဲ့ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ
မှာ တဦးကျဝင်ငွေ အနည်းဆုံးနိုင်ငံအဆင့်ကိုလည်း ကျသွားခဲ့ပါတယ်။” လို့ သမ္မတ
ကတော်က ပြောကြားသွားတာပါ။

အခုလို မုန်တိုင်းဒဏ်အတွက် အရေးပေါ်အကူအညီအဖြစ် ရန်ကုန်ရှိ အမေရိကန်သံရုံး
က ဒေါ်လာ ၂ သိန်းခွဲကို ကယ်ဆယ်ရေးအလှူငွေအဖြစ် ပေးခဲ့တဲ့အပြင် ဒါ့ခေါ် အရေး
ပေါ် အကူအညီပေးရေးအဖွဲ့ကလည်း မြန်မာနိုင်ငံကို သွားရောက်အကူအညီပေးဖို့ အဆင်သင့်ရှိတယ်လို့လည်း မစ္စစ်ဘုရှ်က ပြောသွားပါတယ်။

“အမေရိကန်ပြည်ထောင်စုက အစောပိုင်းအကျဆုံးပေးတဲ့ ကယ်ဆယ်ရေးအကူအညီ
ကတော့ သံရုံးကနေ တခြားအန်န်ဂျီအိုတွေကို ကူညီပေးတာ ဖြစ်ပါတယ်။ အဲဒီမှာ
ရှိနှင့်ပြီးဖြစ်တဲ့ WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးလို အဖွဲ့တွေကတဆင့် ပေးပို့တာ
ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ အရေးပေါ်အကူအညီပေးရေးအဖွဲ့ဖြစ်တဲ့
ဒါ့ကလည်း မြန်မာနိုင်ငံကိုသွားဖို့ အဆင်သင့်ရှိနေပါတယ်။ ၀င်ခွင့်ရရင် အဲဒီမှာ ဒုက္ခ
ရောက်နေတဲ့ ဒေသတွေဆီသွားပြီး လေ့လာကာ လိုအပ်တဲ့စားနပ်ရိက္ခာနဲ့ ပစ္စည်း အထောက်အပံ့တွေကို ပေးသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနီးမှာလည်း အမေရိ
ကန်ရဲ့ ထောက်ပံ့ရေးပစ္စည်းတွေက အဆင်သင့်ရှိနေပါပြီ။ ဒါ့အဖွဲ့ကလည်း အကူအညီ
ပေးဖို့ အဆင်သင့်ပါပဲ။” လို့ သမ္မတကတော်က ပြောကြားသွားပြီး မြန်မာစစ်အစိုးရကို အခုလိုတိုက်တွန်းသွားပါတယ်။

“အမေရိကန်ရဲ့ အကူအညီကို မြန်မာစစ်အစိုးရက လက်မခံမှာ ကျမ စိတ်ပူမိပါတယ်။ အမေရိကန်အပြင် နိုင်ငံတကာကပေးအပ်တဲ့ အကူအညီကိုလက်ခံပြီး အလိုအပ်ဆုံး
လူတွေကို ကူညီခွင့်ပြုပါ။” လို့ သမ္မတကတော်က တိုက်တွန်းပြောကြားသွားခြင်း
ဖြစ်ပါတယ်။

ဒါ့အပြင် အခုလို မုန်တိုင်းဒဏ်ကြောင့် လူပေါင်း သောင်းနဲ့ချီသေဆုံးပြီး သိန်းနဲ့ချီ
အိုးအိမ်မဲ့ဖြစ်နေတဲ့ အနေအထားမှာ မေ ၁၀ ရက်နေ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်လုံးကျွတ်လူထုဆန္ဒခံယူပွဲ ကျင်းပမယ့်အစီအစဉ်ကို ဆက်လုပ်သွားမယ်လို့
မြန်မာအစိုးရရဲ့ ကြေညာချက်နဲ့ပတ်သက်လို့လည်း သမ္မတကတော်က ဝေဖန်သွားပါ
တယ်။

“အခုလို သီတင်းပတ်အတွင်းမှာ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ကသောင်းကနင်း ဖြစ်နေရတဲ့ကြားကနေ မြန်မာစစ်အစိုးရခေါင်းဆောင်တွေက ဖွဲ့စည်းပုံ ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲကို မေလ ၁၀ ရက်နေ့ ကျင်းပဖို့ ကြေညာခဲ့တယ်လို့ ကျမတို့
နားလည်ထားပါတယ်။ ဒီဆန္ဒခံယူပွဲဟာ သူတို့အာဏာတည်မြဲရေးကို တရားဝင်
ဖြစ်စေဖို့ ကြံစည်ရေးဆွဲထားတာပါ။” လို့ သမ္မတကတော်က ပြောသွားပါတယ်။

ဒါကြောင့်လည်း သမ္မတဘုရှ်က ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို မြန်မာအစိုးရ
ပိုင် လုပ်ငန်းတွေအပေါ် ထပ်ပြီး ပြီးခဲ့တဲ့သီတင်းပတ်က ချမှတ်ခဲ့တယ်လို့ သမ္မတ
ကတော်က ပြောခဲ့ပြီး နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်လွှတ်တော်နှစ်ရပ်က
လွှတ်တော်ရွှေတံဆိပ်ပေးအပ်ဖို့ အဆိုပြုချက်မူကြမ်းကိုလည်း သမ္မတဘုရှ်က မနက်
ဖြန် လက်မှတ်ရေးထိုးမှာဖြစ်တယ်လို့ သမ္မတကတော်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
အာရှ စတော့ရှယ်ယာ ဈေးကွက် ထပ်ပြီး ကျဆင်းနေ  Audio Clip Available

  More From VOA
ဖင်လန် သမ္မတဟောင်း မာတီအက်ရှ်တီ ဆာရီ နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရ  Audio Clip Available
မယ်လမင်းပါသည့် နို့မုန့်များ မြန်မာနိုင်ငံကို တင်သွင်းခွင့် ပိတ်ပင်  Audio Clip Available
ကုလသမဂ္ဂ စောင့်ရှောက်ခံ ဒုက္ခသည် သုံးပုံတပုံ အခြေခံလိုအပ်ချက် မပြည့်  Audio Clip Available
အမေရိကန် အစုရှယ်ယာဈေး အဖတ်မဆယ်နိုင်သေး  Audio Clip Available
ဒေါ်စု နေအိမ်အကျယ်ချုပ်အတွက် အယူခံလွှာ တင်လိုက်ပြီ  Audio Clip Available
မြန်မာ့လူ့အခွင့်အရေး နိုင်ငံတကာစံတွေနဲ့ အလှမ်းဝေးနေဆဲ  Audio Clip Available
မလေးရှားဝန်ကြီးချုပ် ဘာဒါဝီ နုတ်ထွက်မည်  Audio Clip Available
ဒီမိုကရေစီလမ်းပြမြေပုံအတွက် လူ့အခွင့်အရေးလိုအပ်ချက် ကင်တားနား ထောက်ပြ  Audio Clip Available
၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေး အတိုက်အခံ အင်အားစု အပေါ် စစ်အစိုးရ ဖိနှိပ်မှု ပိုဆိုးလာ  Audio Clip Available
ဗဟိုဘဏ်ကြီးတွေ အတိုးနှုန်းလျော့ချဖို့ ၀ိုင်းဝန်း ညှိုနှိုင်း  Audio Clip Available
အာဆီယံပဋိညာဉ် လက်မှတ်ရေးထိုးရန် အင်ဒိုနီးရှား လွှတ်တော် သဘောတူ  Audio Clip Available