Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

ဇင်ဘာဘွေသတင်းကို မြန်မာစာပေစိစစ်ရေးက ပိတ်ပင်

05 July 2008
မသင်းသီရိ - အစီအစဉ်ကိုရယူရန် (MP3) audio clip
မသင်းသီရိ - နားဆင်ရန် (MP3) audio clip

တကမ္ဘာလုံး စိတ်ဝင်စားပြီး ထိပ်တန်းရောက်နေတဲ့ ဇင်ဘာဘွေနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းတွေကို မြန်မာနိုင်ငံထဲက ပုဂ္ဂလိက သတင်းနဲ့ ဂျာနယ်တွေ၊ မဂဇ္ဇင်းတွေမှာ ဖော်ပြခွင့်မရှိဘူးလို့ သိရပါတယ်။ အကြောင်းစုံကို မသင်းသီရိက တင်ပြထားပါတယ်။

ကမ္ဘာ့ထိပ်တန်းသတင်း တပုဒ်ဖြစ်တဲ့ ဇင်ဘာဘွေသတင်းကို ရေးသားခွင့် ပိတ်ပင်တာ မဟုတ်ပေမယ့် ထုတ်ဝေတဲ့အခါမှာ စာပေစိစစ်ရေးက ခွင့်ပြုချက်မပေးဘဲ ပယ်ချတာဖြစ်တယ်လို့ ရန်ကုန်သတင်းသမားတဦးက အခုလို ပြောပြတယ်။

"သတင်းကတောင်မှ သူတို့ တရုတ်သတင်းတွေလေ၊ တချို့ဆိုရင် Chinese News ပေါ့နော်။ ဆင်ဟွာ တို့ဘာတို့က နေပြီးတော့ ဘာသာပြန်ပြီးတော့ အဲဒီ သတင်း Source ကို ထည့်ပေးတာတောင်မှ တပုဒ်လုံး ဖြုတ်ခံရတယ်။ အရင်တုန်းကတော့ ကျနော်တို့ ဒီ ရွေးကောက်ပွဲဆိုင်ရာ ဇင်ဘာဘွေအကြောင်းလေ၊ ဆောင်းပါးရေးသေးတယ်။ အဲဒီတုန်းကတော့ လွတ်သေးတယ်။ အခုနောက်ပိုင်းကျမှ ဒီ မူဂါဘီရဲ့ လက်ရှိလုပ်ရပ်တွေကို နောက်ပိုင်းကျမှ သတင်းတွေမှာ ထည့်ခွင့်မပေးဘူး။ လုံးဝ နီးပါးပါပဲ။"

အခုလို ပုဂ္ဂလိက ထုတ်ဝေမှုတွေမှာသာမကဘဲနဲ့ မြန်မာစစ်အစိုးရပိုင် သတင်းနဲ့မီဒီယာတွေမှာလည်း ဖော်ပြခြင်း မရှိဘူးလို့ ပြောပါတယ်။ ဒါပေမယ့် မြန်မာပြည်သူတွေဟာ ပြင်ပက ထုတ်လွှင့်ပေးနေတဲ့ မြန်မာပိုင်း ရေဒီယို အစီအစဉ်တွေကို နားထောင်ပြီး ဇင်ဘာဘွေရဲ့ နိုင်ငံရေးအကြောင်းကို သိကြတယ်လို့ ပြောပါတယ်။ မြန်မာ့သတင်းမီဒီယာတွှေအနေနဲ့ အရင်တုန်းက တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့ သတင်းတွေကို အိမ်နီးချင်းနိုင်ငံမို့ ဖော်ပြခြင်း မပြုရဘူးလို့ သတ်မှတ်ထား ပေမယ့် အခုလို အလှမ်းဝေးလှတဲ့ ဇင်ဘာဘွေ ကိစ္စကိုတော့ သူတို့နဲ့ ဖြစ်ရပ်ချင်း တူနေတာမို့ စိုးရိမ်လို့ ပိတ်ပင်တာ ဖြစ်တယ်လို့ အခုလို ဆက်ပြောပြပါတယ်။

"အခုဟာက နေရာဒေသမခွဲတော့ဘူးဗျ။ အခုဟာက ကျနော်တို့ Information Age ဖြစ်နေပြီ။ ဆိုတော့ အကုန်လုံးက ဘယ်လောက်ပဲဝေးဝေး ဒီသတင်းက ဖြစ်တဲ့ဖြစ်ရပ်က ကျနော်တို့က နီးစပ်နေတာကိုး။ ဒီလို နီးစပ်နေတော့ ဖြစ်ရပ်တခုက နေရာဒေသ မဝေးတော့ဘူး။ သတင်း ထိုးဖောက်ဝင်ရောက်လာတာကို တားလို့မရဘူး။ ဒီဟာက အကုန် ပြန့်နှံ့ သိရှိနိုင်တယ်။ ဘယ်လောက်ပဲဝေးဝေး၊ ဘာပဲ ဖြစ်နေဖြစ်နေ ဒီဖြစ်ရပ်က ဒီလိုဖြစ်ပုံက သူတို့နဲ့ ဖြစ်ရပ်ချင်း တူနေတယ်။ စိုးရိမ်စရာ အနေအထားတခု သတင်းတခုဖြစ်ရင်တော့ ဒီဟာကို ဆင်ဆာ လုပ်မှာပဲ။ ရေဒီယိုတွေကို သူတို့ တော်တော် နားထောင်နေကြပြီလေ။ အဲဒီကနေပြီးတော့ ဒီနိုင်ငံခြား အသံလွှင့်ဌာနတွေကနေ ဒီသတင်းတွေကို သိနေကြပြီ။ ဥပမာ - ကျနော်တို့ ကိုဆိုဗို လွတ်လပ်ရေး ကြေညာတယ်ဟုတ်လား။ ကြေညာတော့ ဒီ အမေရိကန်တို့ ပြင်သစ်တို့က ထောက်ခံတာကိုး။ ဒီထောက်ခံတဲ့အကြောင်းကို ရေးတော့ ကျနော်တို့ ဂျာနယ်တွေမှာ ရေးတာကို သူတို့ ဖြုတ်ပစ်တာတွေ ရှိတယ်။"

ရန်ကုန်သတင်းသမားတဦးက ပြောပြခဲ့တာပါ။ အခုလို သတင်းလွတ်လပ်ခွင့်မရှိဘဲ ပိတ်ပင်နေမှုတွေဟာ သတင်းသမားတွေအတွက် အခက်တွေ့ရတယ် ဆိုပေမယ့် သတင်းသမားတွေအတွက် အကင်းပါးမှုတွေအပေါ်မှာ ရပ်တည်ရေး စာမူတွေကို ကြိုးစားရေးသားနေပါတယ်လို့လည်း ဆိုပါတယ်။

"လွတ်လပ်ခွင့် ပိတ်ပင်တာက ဒါတွေက မကောင်းဘူးပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ အကုန်လုံးက ဘာပဲဖြစ်နေဖြစ်နေ ထည့်ခွင့်ရှိရမှာပဲလေ။ အခု ကျနော်တို့ အစတုန်းကဆိုရင်တောင်မှ သဘာဝ ဘေးအန္တရာယ်နဲ့ပတ်သက်ပြီး မထည့်ဘူး။ နာဂစ်ဒဏ်ကိုကျတော့ သူတို့ ထည့်ခွင့်ပေးတဲ့အတွက် ဒါ အကူအညီတွေ ရလာပြီးတော့ ဒီသတင်းရဲ့ တာကို သူတို့က သိသွားပြီလေ။ ဒီလို သိသွားပြီအတွက် ဒီ ဇင်ဘာဘွေလည်း ရွေးကောက်ပွဲဖြစ်ရပ်တခုအနေနဲ့ကတော့ အကုန်လုံး သိရမှာပဲလေ။ ဘာဖြစ်လို့လဲဆိုတော့ ဒီ ၂၀၁၀ မှာ ရွေးကောက်ပွဲတွေ လာမှာကိုး။ ဆိုတော့ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ရွေးကောက်ပွဲတွေရဲ့ အနေအထား ကောင်းခြင်းဆိုးခြင်းတွေ အပေါ်မှာ မူတည်ပြီးတော့ ဆုံးဖြတ်ကြမှာကိုး။ သတင်းသမား တယောက်အနေနဲ့ အခုအတိုင်းအတာကနေ ၀ုန်းဒိုင်းကြီး မပြောင်းလဲရင်တောင် တဖြည်းဖြည်းနဲ့တော့ အနေအထား တရပ်ကို ကျနော်တို့က လုပ်ယူရမယ့်အနေအထားမှာ ရှိပါတယ်။ အခုအတိုင်းအတာကတော့ ကျနော်တို့က လှည့်ပတ်ပြီး ရေးနေတာပဲ။"

ဒါကတော့ ရန်ကုန်က သတင်းသမားတဦး ပြောပြခဲ့တာဖြစ်ပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
စစ်အစိုးရက နဖားကြိုးဆွဲခေါ်တိုင်း အန်န်အယ်လ်ဒီ မလိုက်နိုင်  Audio Clip Available

  More From VOA
ဆူဒန်သမ္မတ ခုံရုံးတင်ရေး တရုတ် သဘောမကျ  Audio Clip Available
လက်ဘနွန်ဘက်ကနေ အစ္စရေးကို ရော့ကက်နဲ့ ပစ်ခတ်  Audio Clip Available
နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံရ  Audio Clip Available
သုံးနာရီ အပစ်ရပ်ရုံနဲ့ ဂါဇာလူထုအတွက် စားနပ်ရိက္ခာ မလုံလောက်နိုင်  Audio Clip Available
ရုရှား သဘာဝဓာတ်ငွေ့ ပိတ်လို့ ဥရောပ ဒုက္ခရောက်  Audio Clip Available
နိုင်ငံရေး အကျဉ်းသားတွေ ထပ်ဆင့် ထောင်ပြောင်းရွှေ့ခံနေရ  Audio Clip Available
အာဆီယံ  ညီလာခံ ထိုင်း အပန်းဖြေမြို့ကိုရွှေ့
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်လူမျိုး ၂၀၀ပါ သင်္ဘောတစင်း အင်ဒိုနီးရှား အာချေးကမ်းတွင် တွေ့ရှိ  Audio Clip Available
ရုရှား-ယူကရိန်း သဘာဝဓာတ်ငွေ့ဆိုင်ရာ အငြင်းပွားမှု ဥရောပတ၀န်း ပျံ့နှံ့  Audio Clip Available