Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

ခန်းဂျိ နာဂအိ ပစ်သတ်ခံရမှု သတင်းအတွက် FUJI သတင်းဌာန ဆုရရှိ

04 September 2008
ဦးသိန်းထိုက်ဦး - အစီအစဉ်ကိုရယူရန် (MP3) audio clip
ဦးသိန်းထိုက်ဦး - နားဆင်ရန် (MP3) audio clip

Japanese video journalist Kenji Nagai.AP
မြန်မာစစ်အစိုးရလက်ချက်ကြောင့် သေဆုံးသွားရသော ဂျပန်သတင်းထောက် ခန်းဂျိနာဂအိ။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက သံဃာ့လှုပ်ရှားမှု
အတွင်း ဂျပန်သတင်းထောက် ခန်းဂျိ နာဂအိ
(Kenji Nagai) အသတ်ခံခဲ့ရတဲ့ မှတ်တမ်းဗွီဒီယိုကို
ပြသခဲ့တဲ့ FUJI ရုပ်မြင်သံကြားသတင်းဌာနကို
ဂျပန်နိုင်ငံ သတင်းစာထုတ်ဝေသူတွေနဲ့
အယ်ဒီတာများအသင်းက ဆုချီးမြှင့်လိုက်ပါတယ်။
ဒီလို ဆုချီးမြှင့်လိုက်တာက မြန်မာနိုင်ငံအတွင်း
နိုင်ငံရေးဖိနှိပ်မှုတွေကို ဂျပန်ပြည်သူတွေအကြား
မှာ မီးမောင်းထိုးပြသလို ဖြစ်လိမ့်မယ်ဆိုပြီး
မြန်မာ့အရေး လှုပ်ရှားသူတွေက သုံးသပ်ပါတယ်။
အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြ
ပေးထားပါတယ်။

ဂျပန်နိုင်ငံမှာရှိတဲ့ နေစဉ်ထုတ်သတင်းစာ အစောင် ၁၀၀ လောက်နဲ့ အသံလွင့်ဌာန
၃၀ နီးပါးနဲ့ ဖွဲ့စည်းထားတဲ့ ဂျပန်နိုင်ငံ သတင်းစာထုတ်ဝေသူတွေနဲ့ အယ်ဒီတာများ
အသင်းက ဒီနှစ်အတွက် သတင်းပေးပို့မှု ထူးချွန်ဆုကို FUJI ရုပ်မြင်သံကြားဌာနကို
ပေးအပ်လိုက်တာပါ။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးခေါ် သံဃာ့
လှုပ်ရှားမှုအတွင်း ဂျပန်နိုင်ငံသား သတင်းထောက် ခန်းဂျိ နာဂအိ အသတ်ခံခဲ့ရတဲ့
နောက်ဆုံး အသတ်ခံရကာနီးပုံတွေကို ပြသနိုင်ခဲ့ပါတယ်။

ဂျပန်နိုင်ငံ သတင်းစာထုတ်ဝေသူတွေနဲ့ အယ်ဒီတာများအသင်းက တာဝန်ရှိသူတဦး
ကတော့ ဒီဆုဟာ အသင်းဝင် သတင်းဌာနတွေထဲက ထူးချွန်တဲ့ သတင်းပေးပို့မှုတွေကို
ချီးမြှင့်လေ့ရှိတဲ့ နှစ်စဉ်ပေးအပ်တဲ့ ဆုတခုဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေသူတွေကတော့ ဂျပန်နိုင်ငံသားသတင်းထောက်
အသတ်ခံရတဲ့မှတ်တမ်းကို ပြသတဲ့အတွက် ဆုချီးမြှင့်လိုက်တာဟာ ဂျပန်ပြည်သူတွေ
အကြားမှာလည်း ရိုက်ခတ်မှု ရှိလာနိုင်တယ်လို့ သုံးသပ်ပါတယ်။ တိုကျို မြန်မာ့ရေးရာ
ရုံး ညွှန်ကြားရေးမှူး ဒေါက်တာမင်းညိုက အခုလိုသုံးသပ်ပါတယ်။

"တော်တော့ကို ရိုက်ခတ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဂျပန်ပြည်သူကတော့
ဘယ်လိုမှ မမေ့နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘုန်းကြီးတွေလည်းသတ်တယ်၊
နိုင်ငံခြားကလာတဲ့ ဓာတ်ပုံဆရာကိုလည်း သတ်ပစ်လိုက်တယ်ဆိုတာ ကမ္ဘာကြီးတခု
လုံးက မြင်နေရတယ်။ မြင်နေရတဲ့အတွက် သူနဲ့ပတ်သက်ပြီးတော့လည်း တနှစ်
မြောက်ဆိုပြီး ဂျပန်တွေလည်း အထိမ်းအမှတ်ပွဲလုပ်ဖို့ ရှိသလို ကျနော်တို့ ဂျပန်မှာ
ရှိတဲ့ ဗမာတွေကလည်း စုပြီးတော့ ၉ လ၊ ၂၆ ရက်နေ့မှာ ဂျပန်နိုင်ငံခြားရေးရုံးရှေ့မှာ
သွားပြီးတော့ ဆုတောင်းပွဲတို့၊ ဆန္ဒပြပွဲတို့၊ ဂျပန်တွေနဲ့ပေါင်း ကြေညာချက်ထုတ်ပြီး
နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ပြီး ပေးဖို့ စီစဉ်နေပါတယ်။"

အသက် ၅၀ အရွယ် ဂျပန်သတင်းထောက် ခန်းဂျိ နာဂအိဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ
လ ၂၆ ရက်၊ ရဟန်းသံဃာတွေ ဦးဆောင်တဲ့ မေတ္တာပို့ကြွချီ လှုပ်ရှားမှုတွေကို မြန်မာ
အာဏာပိုင်တွေ နှိမ်နင်းနေတဲ့အချိန် လုံခြုံရေးတပ်ဖွဲ့ဝင်တယောက်ရဲ့ အနီးကပ်
ပစ်သတ်တာကို ခံခဲ့ရပါတယ်။ သူအသတ်ခံရပြီး ရက်ပိုင်းအတွင်းမှာပဲ ဂျပန်နိုင်ငံက
ဒုတိယနိုင်ငံခြားရေးဝန်ကြီး မီတိုဂျီ ယာဘာနာကာ (Mitoji Yubanaka) ကို မြန်မာနိုင်ငံ
ကို စေလွှတ်ခဲ့ပြီး ဒီသေဆုံးမှုကို ကန့်ကွက်ခဲ့ပါတယ်။

ဂျပန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးက သတင်းထောက် ခန်းဂျိ နာဂအိ အသတ်ခံခဲ့ရတဲ့
ဗွီဒီယိုမှတ်တမ်းကို ပြသပြီး ဒါဟာ တမင်သတ်ခဲ့တာဆိုတာ ထင်ရှားတဲ့အကြောင်း၊
ဒီကိစ္စကို စုံစမ်းဖော်ထုတ်ပြီး လိုအပ်သလို အရေးယူပေးဖို့ စစ်အစိုးရကို တောင်းဆိုခဲ့ပါ
တယ်။ ခန်းဂျိ နာဂအိ သေဆုံးခဲ့တဲ့နေရာမှာလည်း အောက်မေ့ဘွယ်အဖြစ် ပန်းခြင်း
သွားချခဲ့ပါတယ်။

မြန်မာစစ်အစိုးရဘက်ကတော့ ခန်းဂျိ နာဂအိ သေဆုံးခဲ့တာဟာ မတော်တဆ သေဆုံး
မှုသာဖြစ်ပြီး ခန်းဂျိ နာဂအိဟာ မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသည်အဖြစ် လာရောက်
ခဲ့ပြီး သတင်းယူတာ၊ သတင်းပေးပို့တာတွေ လုပ်ခဲ့တယ်လို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

ခန်းဂျိ နာဂအိ သေဆုံးပြီးတဲ့နောက်မှာ ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို ဂျပန်ယန်းငွေ
သန်း ၅၅၀၊ ဂျပန်ဘာသာနဲ့ စီးပွားရေးပညာသင် တက္ကသိုလ်အတွက် ပေးမယ့်အကူ
အညီတွေကို ဖြတ်တောက်ခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာရှိတဲ့ ဗကသ နိုင်ငံခြားရေးရာ ကော်မတီဝင် ကိုဘုန်းမြင့်ထွန်းကတော့
ဒီလို ခန်းဂျိ နာဂအိ သေဆုံးခဲ့ပြီးနောက်ပိုင်း ဂျပန်ပြည်သူတွေရဲ့ မြန်မာ့အရေးမှာ ပိုပြီး
အာရုံစူးစိုက်လာခဲ့တယ်လို့ ပြောပါတယ်။

"ဂျပန်လူမျိုးတွေ ကြားထဲမှာရော၊ ဂျပန်ပြည်သူပြည်သားတွေ ကြားထဲမှာရော ကျနော်
တို့တိုင်းပြည်ရဲ့ စစ်အစိုးရ ရက်စက်ယုတ်မာမှုတွေက ပိုမိုပေါ်လွင်လာခဲ့ပါတယ်။
ပြီးတော့ ခန်းဂျိစံ သေဆုံးပြီးနောက်ပိုင်းမှာ ကျနော်တို့ ဗမာလူမျိုးတွေနဲ့ ပူးပေါင်းပါဝင်
မှုတွေ အများကြီး လုပ်လာနိုင်ခဲ့ပါတယ်။ အန်န်ဂျီအိုတွေရော၊ ဂျပန်အဖွဲ့အစည်းတွေ
ရော၊ ဂျပန်အစိုးရ အသိုင်းအ၀ိုင်းကအစ ကျနော်တို့အပေါ်မှာ နားလည်မှုပေးပြီးတော့
ပိုမိုဆက်ဆံလာခဲ့ကြပါတယ်။ ခန်းဂျိ နာဂအိစံ သေဆုံးပြီးနောက်ပိုင်းမှာ
တောက်လျှောက် ခန်းဂျိ နာဂအိရဲ့ ကင်မရာပြန်ပေးဖို့အတွက် လှုပ်ရှားနေတဲ့ နာဂအိစံ
ရဲ့ သူငယ်ချင်းတွေ၊ အဖွဲ့အစည်းတွေက အခုအချိန်ထိ ရှိနေပါသေးတယ်။"
ကိုဘုန်းမြင့်ထွန်း ပြောသွားတာ ဖြစ်ပါတယ်။

ခန်းဂျိ နာဂအိ မသေခင် နောက်ဆုံးကိုင်ခဲ့တဲ့ ဆိုနီ ဗွီဒီယိုကင်မရာ ပျောက်ဆုံးနေတဲ့
အတွက်လည်း ပြန်ရှာပေးဖို့ မြန်မာစစ်အစိုးရကို ကျန်ရစ်သူမိသားစုက ပန်ကြားခဲ့ပါ
တယ်။ ဂျပန်ပြည်သူတချို့နဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေ တိုကျိုမှာရှိတဲ့ မြန်မာသံရုံး
ရှေ့မှာ ဆန္ဒပြခဲ့ကြတာတွေလည်း ရှိပါတယ်။

ဒေါက်တာမင်းညိုကတော့ ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေ ပြောင်းလဲခဲ့
မယ်ဆိုရင်တောင် အခုလို ဂျပန်သတင်းထောက် ခန်းဂျိ နာဂအိ အသတ်ခံခဲ့ရတဲ့
မှတ်တမ်းဗွီဒီယိုကို ဆုပေးတာက မြန်မာ့အရေးကို မမေ့ဘို့ နှိုးဆော်လိုက်သလို
ဖြစ်မယ်လို့ မျှော်လင့်ထားပါတယ်။

"ဂျပန်ပြည်သူတွေထဲက လုံးဝမမေ့တာတော့ အမှန်ပဲ။ ဒါပေမယ့် ဂျပန်အစိုးရ အပိုင်း
ကတော့ သူတို့တွေက စစ်အစိုးရနဲ့ ဆက်သွယ်မှုကို ပိုလိုချင်တာကြောင့် သူတို့ကတော့
မေ့အောင်ကြိုးစားမှာကတော့ သဘာဝပဲ။ ဒါကို မမေ့အောင်လုပ်ဖို့ကတော့ ဂျပန်
ပြည်သူတွေကလည်း သဘောပေါက်တယ်။ သဘောပေါက်တဲ့အတွက်လည်း
ဆက်လက်လုပ်နေပါတယ်။ ဒါကြောင့် ဒီဟာက ဆက်ပြီးတော့ လှုပ်ရှားဖို့အတွက်
အားဆေးတခွက် ရလိုက်တယ်လို့ပဲ ကျနော်ထင်ပါတယ်။"
တိုကျို မြန်မာ့ရေးရာရုံး ညွှန်ကြားရေးမှူး ဒေါက်တာမင်းညို ပြောပြသွားတာ ဖြစ်ပါ
တယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
စစ်အစိုးရက နဖားကြိုးဆွဲခေါ်တိုင်း အန်န်အယ်လ်ဒီ မလိုက်နိုင်  Audio Clip Available

  More From VOA
ဆူဒန်သမ္မတ ခုံရုံးတင်ရေး တရုတ် သဘောမကျ  Audio Clip Available
လက်ဘနွန်ဘက်ကနေ အစ္စရေးကို ရော့ကက်နဲ့ ပစ်ခတ်  Audio Clip Available
နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံရ  Audio Clip Available
သုံးနာရီ အပစ်ရပ်ရုံနဲ့ ဂါဇာလူထုအတွက် စားနပ်ရိက္ခာ မလုံလောက်နိုင်  Audio Clip Available
ရုရှား သဘာဝဓာတ်ငွေ့ ပိတ်လို့ ဥရောပ ဒုက္ခရောက်  Audio Clip Available
နိုင်ငံရေး အကျဉ်းသားတွေ ထပ်ဆင့် ထောင်ပြောင်းရွှေ့ခံနေရ  Audio Clip Available
အာဆီယံ  ညီလာခံ ထိုင်း အပန်းဖြေမြို့ကိုရွှေ့
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်လူမျိုး ၂၀၀ပါ သင်္ဘောတစင်း အင်ဒိုနီးရှား အာချေးကမ်းတွင် တွေ့ရှိ  Audio Clip Available
ရုရှား-ယူကရိန်း သဘာဝဓာတ်ငွေ့ဆိုင်ရာ အငြင်းပွားမှု ဥရောပတ၀န်း ပျံ့နှံ့  Audio Clip Available