Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

သမ္မတ ဇာဒါရီ လက်ထက် ပါကစ္စတန် နိုင်ငံရေး အလားအလာ

06 September 2008
ဦးကျော်ဇံသာ - အစီအစဉ်ကိုရယူရန် (MP3) audio clip
ဦးကျော်ဇံသာ - နားဆင်ရန် (MP3) audio clip

Asif Ali Zardari with his daughters  during celebration dinner at prime minister residence in Islamabad, 06 Sep 2008
သမီး နှစ်ယောက်နှင့်အတူ ၀န်ကြီးချုပ် အိမ်တော်က ညစာစားပွဲ တက်ရောက် နေသည့် ပါကစ္စတန် သမ္မတ သစ် အာဆစ် အာလီ ဇာဒါရီ (စက်တင်ဘာ ၆၊ ၂၀၀၈)
ပါကစ္စတန် နိုင်ငံမှာ သမ္မတ ရွေးဖို့အတွက် ဒီကနေ့ စနေနေ့မှာပဲ မဲပေးပြီးတော့ ပါကစ္စတန် ပြည်သူ့ပါတီ (PPP) ခေါင်းဆောင် အာဆစ် အာလီ ဇာဒါရီ သမ္မတ ဖြစ်လာခဲ့ပါပြီ။ ဒါပေမယ့် ရွေးကောက်ပွဲ နဲ့ ဒီသမ္မတ ဟာ ပါကစ္စတန် နိုင်ငံ ရင်ဆိုင်နေရတဲ့ မငြိမ်သက်မှုတွေကို ပပျောက်အောင် ဆောင်ရွက်နိုင်ပါ့မလား။ နိုင်ငံရေး မငြိမ်မသက်မှုတွေသာ ဆက်ဖြစ်နေမယ် ဆိုရင် စီးပွားရေး အခြေအနေ ဆိုးသည်ထက် ဆိုးလာမယ်ဆိုရင် ယခင် အစဉ်အလာအတိုင်း စစ်တပ် က ၀င်လာနိုင်တယ်လို့ သုံးသပ်လေ့လာသူတွေ ကလည်း တွက်နေကြပါတယ်။ အဲဒီသုံးသပ်ချက်တွေကို အခြေခံပြီးတော့ ဦးကျော်ဇံသာ က စုစည်းတင်ပြပေးပါမယ်။

အာဆစ် အာလီ ဇာဒါရီဟာ ပီပီပီ လို့ခေါ်တဲ့ ပါကစ္စတန်ပြည်သူ့ပါတီ အနေနဲ့ သမ္မတ မူရှာရက်ဖ် ကို ရားထူးက နုတ်ထွက်ဖို့ ဖိအားပေးလာအောင်၊ တခါ သူ့ရဲ့ နိုင်ငံရေးပြိုင်ဖက်တွေကို ဖယ်ရှားနိုင်ဖို့ ဆိုတာတွေကို ကြံစည်နေခဲ့တာက အခုအခါမှာ သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပါကစ္စတန် နိုင်ငံမှာကတော့ ဆန္ဒပြပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေဆဲပါ။ ရှေ့နေတွေကလည်း သမ္မတ မူရှာရက်ဖ် လက်ထက်က ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ တရားသူကြီးတွေကို ပြန်လည်ခန့်ထားရေးအတွက် တောင်းဆို ဆန္ဒပြနေကြတာပါ။ ဒီတရားသူကြီးတွေဟာ သမ္မတ မူရှာရက်ဖ် သမ္မတ အဖြစ် ပြန်လည်အရွေးခံမယ့်ကိစ္စကို တရားမ၀င်ဘူးလို့ ပြောခဲ့တဲ့အတွက် မူရှာရက်ဖ် က သူတို့ကို ရာထူးကနေ ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။ ဒီတရားသူကြီးတွေကို မူရှာရက်ဖ် မရှိတော့တဲ့နောက်ပိုင်း ပြန်ခန့်ဖို့ နှောင့်နှေးနေတာ အခု သမ္မတ ဖြစ်လာတဲ့ အာဆစ် အာလီ ဇာဒါရီ က တမင် အချိန်ဆွဲနေတာ ဖြစ်တယ်လို့ ရှေ့နေတွေက ဆိုကြပါတယ်။ ဇာဒါရီ ကိုယ်တိုင်ဟာလည်း အဂတိ လိုက်စားမှုတွေနဲ့ စွဲဆိုခံခဲ့ရဖူးသူ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အကြမ်းဖက် တိုက်ခိုက်မှုတွေကလည်း ဆိုးသည်ထက် ဆိုးရွားလာနေပါတယ်။ ဇာဒါရီ သမ္မတ ဖြစ်လာပြီ ဆိုသည့်တိုင်အောင် ဒီ နိုင်ငံရေး မငြိမ်မသက်မှုတွေဟာ ဆက်လက် ဖြစ်နိုင်သေးတယ်လို့ တောင်အာရှရေးရာ ကျွမ်းကျင်သူတွေက တွက်ကြပါတယ်။ အထူးသဖြင့် ငွေကြေးဖောင်းပွမှုတွေ ကြီးသည်ထက် ကြီးလာပြီး စီးပွားရေး ဆုတ်ရုတ်ကျဆင်းလာနိုင်ပါတယ်။ ဒီလိုဆိုရင် စစ်တပ်က ၀င်စွက်ပြီး အာဏာယူလာနိုင်တယ်လို့ တွက်နေကြတာပါ။ ပါကစ္စတန် ဟာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ အစဉ်အလာ ကြီးမားသော နိုင်ငံတခု ဖြစ်ပါတယ်။

ဒီတကြိမ်ဟာ စစ်တပ် ၀င်မယ်မ၀င်ဘူး ဆိုတာ အဓိက ဆုံးဖြတ်ရမယ့်သူကတော့ လက်ရှိ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အိုင်ဖက်ကာယာနီ ဖြစ်ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ကြီး ကာယာနီကတော့ သူကိုယ်တိုင်ဟာ နိုင်ငံရေးမှာ ၀င်မစွက်ပါဘူးလို့ ကတိပြုထားပါတယ်။ ဒါပေမယ့် သူ့ရဲ့ကတိ ကျိုးပေါက်သွားနိုင်တယ်လို့ ပါကစ္စတန်ရေးရာ သုံးသပ်သူ စာရေးဆရာ ရှူဂျာ န၀က်ဇ် က ဆိုပါတယ်။

“တကယ်လို့သာ ပါကစ္စတန်မှာ ဒီကနေ့ တကယ်လည်း ကြုံတွေ့နေရတဲ့အတိုင်း စီးပွားရေး အခြေအနေ ယိုယွင်းသထက် ယိုယွင်းလာမယ်ဆိုရင် ငွေကြေးဖောင်းပွမှုဟာလည်း ကြီးသည်ထက် ကြီးထွားလာမယ် ဆိုရင် တိုင်းပြည်ဟာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာမယ်။ ပြီးတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေ၊ လူထုကြားက ငြိမ်ဝပ်ပိပြားမှု ပျက်ပြားမှုတွေ ဟာ နယ်စွန်နယ်ဖျားတွေမှာသာမကဘဲ တနိုင်ငံလုံးမှာပါ အနှံ့အပြား ဖြစ်ပွားလာနိုင်ပါတယ်ခင်ဗျာ။”

နိုင်ငံရေးသိပ္ပံပညာရှင်တဦးဖြစ်တဲ့ ခရစ်စတီးန် ဖယ်ယာ ကတော့ ပါကစ္စတန် ရဲ့ အခြေခံ ပြဿနာ ဟာ နိုင်ငံရေးစနစ်နဲ့ ဆိုင်ပါသတဲ့။ အခု သမ္မတ ရွေးကောက်ပွဲဖြစ်လာရတာဟာလည်း ပါကစ္စတန်နိုင်ငံ ရဲ့ အခြေခံ နိုင်ငံရေးစနစ်ကို မဖြေရှင်းနိုင်သေးဘူး ဆိုတာကို ပြသလိုက်တာပဲဖြစ်တယ်လို့ ဆိုပါတယ်။

“ပါကစ္စတန် နိုင်ငံရေးစနစ်က ဘယ်လို နိုင်ငံပုံစံထူထောင်မယ် ဆိုတာကို မပြတ်မသား ဖြစ်နေဆဲပါ။ ဘယ်လို ဖွဲ့စည်းပုံမျိုး ရေးဆွဲပြီးတော့ အစိုးရစနစ် ဘယ်လို ဖြစ်ရမလဲ ဆိုတာေ၀၀ါးနေဆဲပါ။ အခုဖြစ်နေတဲ့ ပြဿနာတွေ က ဒီအခြေခံကိစ္စ မရေရာမှုကြောင့် ဖြစ်ရတယ်လို့ ထင်ပါတယ်ရှင့်။”

ပါကစ္စတန်မှာ လွတ်လပ်ရေး ရပြီးတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေပေါင်း ငါးခု ရှိခဲ့ပြီးပါပြီ။ အဓိက ပြင်ဆင်မှု နှစ်ကြိမ် ရှိခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်က ဗိုလ်ချုပ်ကြီး ပါဗက်ဇ် မူရှာရက်ဖ် အာဏာသိမ်းမှုဟာ လေးကြိမ်မြောက် စစ်တပ်အာဏာသိမ်းမှု ဖြစ်ပြီး ထိုစဉ်က ၀န်ကြီးချုပ် န၀ပ် ရှရစ်ဖ် ကို ဖြုတ်ချခဲ့တာ ဖြစ်ပါတယ်။ လွတ်လပ်သော ပါကစ္စတန်နိုင်ငံ ရဲ့ သက်တမ်းတ၀က်ဟာ စစ်အုပ်ချုပ်ရေး လက်အောက်မှာ ရောက်ရှိနေခဲ့ပါတယ်။ ဒါကြောင့် ဥပဒေပြုလွှတ်တော် ဆိုတာဟာလည်း ဘာမှမလုပ်နိုင်တဲ့ လွှတ်တော်တွေသာ ဖြစ်တယ်လို့ ဖယ်ယာ က သုံးသပ်ပါတယ်။

“ပါကစ္စတန် ဥပဒေပြုလွှတ်တော်တွေ က ဥပဒေ မပြုနိုင်တဲ့လွှတ်တော်တွေ အနေနဲ့ ကျော်ကြားပါတယ်။ ကျမ မကြာခင်က တွေ့ခဲ့ရတဲ့ ပြည်နယ်လွှတ်တော်တယောက်ရဲ့ စကားကို ပြန်ပြောပြရမယ် ဆိုရင်တော့ သူဟာ ဥပဒေပြုရတဲ့အလုပ်ကို လုံးဝ စိတ်မ၀င် စားပါဘူး တဲ့။ ဆိုတော့ ဘာလုပ်နေလဲ လို့ပဲ မေးစရာ ရှိပါတော့တယ်။”

ဒီလို အခြေအနေတွေရဲ့ ရလဒ်က ဘာလဲဆိုရင် ပါကစ္စတန်နိုင်ငံဟာ နိုင်ငံရေး ရင့်ကျက်မှု ရပ်ဆိုင်းနေခြင်းပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီအဆောက်အဦတွေ မှန်မှန်ကန်ကန် ထွန်းကားဖွံ့ဖြိုး တိုးတက်ဖို့ အခွင့်အရေး ကင်းမဲ့နေပါတယ်။ ဒါ့အပြင် သမ္မတ အာဏာတွေ တိုးယူပြီး ပါလီမန် နဲ့ အစိုးရကို ဖျက်သိမ်းနိုင်တဲ့ အာဏာတွေကိုပါ သမ္မတ က ရယူထားခြင်းဟာလည်း နိုင်ငံရေးမတည်ငြိမ်မှု ဖြစ်ဖို့အတွက် အားပေးအားမြှောက်ပြုနေတာ ဖြစ်ပါတယ်။ ဒီလို အာဏာအတု ယူတာကို ၁၉၉၉ ခုနှစ် အာဏာသိမ်းပြီး ဗိုလ်ချုပ်ကြီး မူရှာရက်ဖ် က သမ္မတ အနေနဲ့ ပြန်လည် အသက်သွင်းခဲ့တာ ဖြစ်ပါတယ်။

အခုသမ္မတ ဖြစ်လာခဲ့ပြီဖြစ်တဲ့ အာဆစ် အာလီ ဇာဒါရီ ကတော့ ဒီမိုကရေစီ အုပ်ချုပ်ရေး ရှင်သန်စေဖို့အတွက် သမ္မတ အာဏာကို ထိန်းချုပ်ဖို့ ကြိုးပမ်းလာမယ်ဆိုရင် သူ ထောက်ခံမယ်လို့ ကြာသပတေးနေ့တုန်းက ၀ါရှင်တန်ပို့စ် သတင်းစာမှာ ရေးသားခဲ့ပါတယ်။ ဒါပေမယ့် ဒါက သမ္မတ အဖြစ် အရွေးမခံရခင် မဲဆွယ်နေတုန်း ရေးခဲ့တာသာဖြစ်ပါတယ်။ အခုအခါ သူကိုယ်တိုင် သမ္မတ ဖြစ်လာပြီဆိုတော့ သူ ရရှိထားတဲ့အာဏာကို အလိုအလျောက် စွန့်ပစ်ပါ့မလား ဆိုတာ သံသယ ရှိစရာကြီးပါ။ ခြုံပြောရမယ်ဆိုရင်တော့ နိုင်ငံရေးထဲမှာ မပါဝင်ပါဘူး ဆိုတဲ့ ဗိုလ်ချုပ်ကြီး ကယာနီ ရဲ့ စစ်တပ်ဟာ ပေးထားတဲ့ကတိကို တည်နိုင်ပါ့မလား ဆိုတာ ဟာ လူတိုင်း ရင်တမမ ဖြစ်နေကြဆဲ လို့ ဆိုရမှာဖြစ်ပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
စစ်အစိုးရက နဖားကြိုးဆွဲခေါ်တိုင်း အန်န်အယ်လ်ဒီ မလိုက်နိုင်  Audio Clip Available

  More From VOA
ဆူဒန်သမ္မတ ခုံရုံးတင်ရေး တရုတ် သဘောမကျ  Audio Clip Available
လက်ဘနွန်ဘက်ကနေ အစ္စရေးကို ရော့ကက်နဲ့ ပစ်ခတ်  Audio Clip Available
နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံရ  Audio Clip Available
သုံးနာရီ အပစ်ရပ်ရုံနဲ့ ဂါဇာလူထုအတွက် စားနပ်ရိက္ခာ မလုံလောက်နိုင်  Audio Clip Available
ရုရှား သဘာဝဓာတ်ငွေ့ ပိတ်လို့ ဥရောပ ဒုက္ခရောက်  Audio Clip Available
နိုင်ငံရေး အကျဉ်းသားတွေ ထပ်ဆင့် ထောင်ပြောင်းရွှေ့ခံနေရ  Audio Clip Available
အာဆီယံ  ညီလာခံ ထိုင်း အပန်းဖြေမြို့ကိုရွှေ့
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်လူမျိုး ၂၀၀ပါ သင်္ဘောတစင်း အင်ဒိုနီးရှား အာချေးကမ်းတွင် တွေ့ရှိ  Audio Clip Available
ရုရှား-ယူကရိန်း သဘာဝဓာတ်ငွေ့ဆိုင်ရာ အငြင်းပွားမှု ဥရောပတ၀န်း ပျံ့နှံ့  Audio Clip Available