Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

နိုင်ငံကျော် လူရွှင်တော် ဇာဂနာ အဖမ်းခံရပြန်ပြီ

05 June 2008
ကျော်အောင်လွင် - အစီအစဉ်ကိုရယူရန် (MP3) audio clip
ကျော်အောင်လွင် - နားဆင်ရန် (MP3) audio clip

မုန်တိုင်းသင့် ဒုက္ခသည်တွေကို ကယ်ဆယ်ကူညီရေးတွေ လုပ်ပေးနေတဲ့ နိုင်ငံကျော် လူရွှင်တော် ဇာဂနာကို ဇွန်လ(၄)ရက်နေ့ညက ဖမ်းဆီးသွားပြန်ပါတယ်။ ဘာကြောင့် ဖမ်းဆီးရသလဲဆိုတာကို မိသားစုကိုလည်း မပြောသွားပါဘူး။ ဘယ်လိုမျိုးဖမ်းဆီးသွားသလဲဆိုတာနဲ့ ပတ်သက်ပြီး အကြောင်းစုံကို ဦးကျော်အောင်လွင်က လူရွှင်တော် ဇာဂနာရဲ့ ညီမဖြစ်သူ မငြိမ်းနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

“ည(၈)နာရီလောက်က ၀င်တယ်။ ခရိုင်မှူးဆိုတဲ့သူက ရှာရုံပါပဲတဲ့၊ နာဂစ်နဲ့လည်း လုံးဝမပတ်သက်ပါဘူးတဲ့။ သူက ကယ်ဆယ်ရေးတွေလုပ်နေတယ်ဆိုတာလည်း သိပါတယ်တဲ့။ နိုင်ငံရေးနဲ့ ပတ်သက်တာကို ရှာချင်တယ်တဲ့။ သူကလည်း ရှာပါပေါ့။ ခရိုင်မှူးနဲ့အတူ ရဲဘက်က တယောက်လည်း ပါလာတယ်။ နောက် SB ၀န်ထမ်းငါးယောက်ပါလာတယ်။ ရရက ဥက္ကဌနဲ့ အားလုံး (၉)ယောက်ပေါ့။ ရှာပြီးတော့မှ နောက် ခေါ်သွားမယ်တဲ့။ အဲဒါ ဘယ်လို ဖြစ်တာလဲ။ ပထမကရှာရုံပဲဆိုပြီး ပြောတော့ မဟုတ်ဘူးတဲ့ ခဏလေးပါပဲတဲ့၊ မကြာဘူးတဲ့ (၂)ရက်လောက်ပါပဲတဲ့။ အ၀တ်လေး ထည့်ပေးပါတဲ့။ အ၀တ်တစုံ၊ သောက်နေကျ ဆေးလေးမျိုး ထည့်ပေးလိုက်တယ်။”

ကိုဇာဂနာကို သူတို့က ဘယ်ကို ခေါ်သွားတာလဲခင်ဗျ။

“ဘယ်ကို ခေါ်သွားသလဲ မပြောသွားဘူး။ ဒီအတိုင်းပဲ အိမ်ရှေ့တောင် ကားမရပ်ဘူး။ ဟိုတခေါက်က စက်တင်ဘာ အရေးအခင်းတုန်းက ခေါ်သွားသလိုပါပဲ။ ရှမ်းကုန်းလမ်းထိပ်မှာ ကားရပ် အဲဒီအထိကို လမ်းလျှောက်ခေါ်သွားပြီး အဲဒီကတဆင့် ကားနဲ့ ခေါ်သွားတာပါပဲ။”

ကိုဇာဂနာအပြင် တခြား သူ့ရဲ့ ကူညီရေး လုပ်ဖော်ကိုင်ဖက်တွေ၊ တခြား အနုပညာရှင်တွေရော ဘယ်သူတွေ အဖမ်းခံရတယ် ကြားသလဲခင်ဗျ။

“မကြားဘူး။ ကိုသူရတယောက်ပဲ ပါသွားတယ်။ ဘယ်သူဆီကမှ ဖုန်းလည်း မလာဘူး။”

ကိုဇာဂနာကို ဘာကြောင့် အာဏာပိုင်တွေက ဖမ်းဆီးရတယ်ဆိုပြီး ပြောပါသလဲ။

ဘာအကြောင်းပြချက်မှ မပေးဘူး။ ခဏပါပဲ ၂ရက်လောက်ပါပဲတဲ့၊ ကျမက (၂)ရက်လောက် ဆိုတာလည်း ပြန်ပို့မှပဲ ယုံမှာပါပဲလို့ အဲဒီလိုပဲ ပြောလိုက်တယ်။ သူတို့ လုပ်သမျှ ခံနေရတဲ့ ဘ၀တွေချည်းပါပဲ။”

အခုတခေါက်ဖမ်းသွားတာနဲ့ အရင်တုန်းက ဖမ်းတာတွေနဲ့ ဘာတွေ ကွာတယ် ထင်ပါသလဲခင်ဗျ။ အခုတခေါက်မှာ ဘာတွေများ ထူးထူးခြားခြား သတိထားမိပါသလဲ။

“အခုတခေါက်ကတော့ ရှာချိန်နဲနဲ ပိုကြာတယ်ပေါ့။ ည (၈)နာရီထဲက၀င်တာ (၁၁)ထိုးဖို့ (၁၅)မှပဲ အခွေတွေလည်း သိမ်းသွားတယ်။ ဘာမှ ထူးဆန်းတဲ့ဟာ မဟုတ်ဘူး။ ရမ်ဘို အပိုင်း (၄)ရယ်၊ စိန်စီသောည အချပ်ရယ်၊ နောက်နာဂစ်မုန်တိုင်း မီးပွိုင့်မှာရောင်းတဲ့ အခွေရယ်၊ FEC (၃၀)ရယ်၊ စာရင်းမှတ်ထားတဲ့ စာအုပ်ကလေး (၂)အုပ်ရယ်။ ကွန်ပြူတာက System Boardကြီးတော့ ဖြုတ်သွားတယ်။”

မငြိမ်းက ကိုဇာဂနာရဲ့ ညီမလည်း ဖြစ်တော့ မိသားစုဝင်တဦး အနေနဲ့ အခုလိုမျိုး ကူညီရေး လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ အကိုတယောက် ဒီလို အချိန်မျိုးမှာ ဖမ်းဆီးသွားတဲ့အတွက် ဘယ်လို အခက်အခဲတွေ ရှိသလဲပါသလဲခင်ဗျ။

“မတရား ခံရတယ်လို့ ကျမတော့ အခုလိုမျိုးပဲ မြင်တာပဲ။ နိုင်ငံရေးနဲ့လည်း ဘာမှ မပတ်သက်ဘူး။ သူတို့ဟာ သူတို့ လုပ်ကြံပြီးတော့ ဖမ်းရင်လည်း မတက်နိုင်ဘူးပေါ့။ သူ့မိသားစုက အမေရိကားမှာ ရှိတယ်။ သမီးလေးကို မုန့်ဖိုးပို့ဖို့ ဒေါ်လာလေး (၁၀၀၀)၊ တစ်ရာတန် (၁၀)ရွက်ကိုလည်း သိမ်းသွားတယ်။ သိမ်းသွားတဲ့အတွက် ကျမ အဲဒါကိုလည်း စိုးရိမ်တယ်။ သူတို့ ဘယ်လိုတွေ ညစ်မလဲပေါ့နော်။”

အဖမ်းမခံရခင် အချိန်အထိ ကိုဇာဂနာအနေနဲ့ မုန်တိုင်း ဒုက္ခသည်တွေအတွက် ကူညီရေး လုပ်ငန်းတွေ လုပ်နေတုန်းပဲလား ခင်ဗျ။

“ဘယ်လောက်အထိတောင် အာရုံစိုက်ပြီး လုပ်သလဲဆိုတော့ သူပိုင်တဲ့ ဖုန်းကိုလည်း ရောင်းပစ် လိုက်တယ်။ နောက် သူ့မိန်းမပိုင်တဲ့ ဖုန်းကိုလည်း ရောင်းပြီးတော့ အဲဒါလေးနဲ့ပဲ ကယ်ဆယ်ရေးက စခဲ့တာပေါ့။ ဒီနေ့ဆိုရင်လည်း မျိုးစေ့လေးတွေ ၀ယ်တယ်ပေါ့နော်။ ဘိုကလေးဘက်အထိ မိုးရာသီလည်း ကျပြီ၊ လယ်တွေ ဆိုလည်း ဘာမှမရှိတဲ့အတွက် မျိုးစေ့လေး တွေကိုပါ ကိုသူရက လှူတော့မယ်။ ဒီနေ့ဆိုရင် ၀ယ်ကြတာပေါ့၊ ကျမတို့က အကုန်လုံး ၀ိုင်း လုပ်နေတဲ့ အတွက် မျိုးစေ့လေးတွေဝယ်၊ ဟင်းသီးဟင်းရွက်လေးတွေ စိုက်စားမယ်။ ဘာပဲဖြစ်ဖြစ် လူတွေ ငတ်တော့ မသေတော့ဘူးပေါ့။ အဲဒီ သဘောတရားအထိတော့လည်း သူလုပ်ပါတယ်။ ကျမတို့လည်း အခု ဘာဆက်လုပ်ရမှန်းတောင် မသိတော့ဘူး။”

ကိုဇာဂနာနဲ့ လူမှုရေးလုပ်ငန်းတွေမှာ လုပ်ဖော်ကိုင်ဖက် တဦးဖြစ်ပြီး မကြာခင်ကမှ အမေရိကန်ကို ရောက်လာခဲ့တဲ့ ကဗျာ ဆရာအောင်ဝေးကတော့

“အဖမ်းခံရတယ်ဆိုတာကတော့ ကျွန်တော်တို့ တိုင်းပြည်အတွက်တော့ သိပ်ပြီးတော့ မဆန်းတော့ပါဘူး။ ဒါပေမဲ့ အခုချိန်က မုန်တိုင်းဒဏ်သင့်ပြီးတော့ သေသွားတဲ့လူတွေရော၊ မသေမရှင် ကျန်ခဲ့တဲ့ လူတွေအတွက်ရော အစိုးရက ကယ်ဆယ်ရေးတွေ ထိထိရောက်ရောက်မပေးတဲ့အချိန်မှာ ကိုဇာဂနာတို့လို လူမှုရေး အသိ စိတ်ဓာတ်မြင့်မားတဲ့ အနုပညာရှင်တယောက်က ရှေ့ထွက်ပြီးတော့ ကယ်ဆယ်ရေးတွေ လုပ်နေရတယ်။ အဲဒီလို အချိန်မှာ ကိုဇာဂနာ အဖမ်းခံရတဲ့ အခါကျတော့ သူရဲ့ စေတနာတွေ၊ လူမှုရေး နားလည်မှုတွေဟာ ဘာမှ အသုံးချလို့ မရတော့ဘဲ အင်းစိန်ထောင်ထဲသွား အောင်းသလိုဖြစ်နေတယ်။ ကိုဇာဂနာကို ဖမ်းလိုက်တာဟာ ဗမာပြည် တပြည်လုံးကိုပါ ဖမ်းလိုက်တာ စစ်တပ်က မုန်တိုင်း ဘေးသင့်တဲ့ လူတွေကို ကိုဇာဂနာတို့ ကူညီသလိုမျိုး၊ ကိုကျော်သူတို့ ကူညီသလိုမျိုး၊ အခြားအနုပညာရှင်တွေ ကူညီသလိုမျိုး၊ ပြည်သူလူထုချင်း ကူညီနေသလိုမျိုး လုပ်ကိုင်ပေးမယ်ဆိုရင် ဇာဂနာမဟုတ်ဘူး၊ ဇာဂနာ့ တဆွေလုံး တမျိုးလုံး ဖမ်းလိုက်ရင် ကျွန်တော်တို့က လက်ခံနိုင်သေးတယ်။ ဒါပေမဲ့ အခုလိုမျိုး ကူကယ်မဲ့နေတဲ့ မုန်တိုင်းဒဏ်ခံနေရသူတွေအတွက်တော့ ကိုဇာဂနာတို့လို လူမျိုးတယောက် ဖမ်းခံရတာ ဒါအားကိုးရာမဲ့ ဖြစ်သွားတယ်လို့ ကျွန်တော် ယူဆမိတယ်ဗျာ။ အရှင်းဆုံး ပြောရရင်တော့ ကိုဇာဂနာရဲ့ လူမှုရေး စွမ်းဆောင်မှုတွေ ကိုဇာဂနာရဲ့ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တဲ့ အရည်အချင်းတွေကို နအဖ စစ်အုပ်စုက ကြောက်လို့ပဲလို့ ယူဆတယ်ဗျာ။”

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
ကျေးဇူးတော်နေ့ သမ္မတ အိမ်ဖြူတော်မှာ ကျင်းပ  Audio Clip Available

  More From VOA
နာဂစ် ပြန်လည်ထူထောင်ရေး နိုင်ငံတကာ အကူအညီ မလုံလောက်  Audio Clip Available
ရာသီဥတုဆိုင်ရာ ကိုပင်ဟေဂင် ထိပ်သီး အစည်းအဝေး သမ္မတ အိုဘားမား တက်မည်  Audio Clip Available
မွမ်ဘိုင်းတိုက်ခိုက်မှုနဲ့ ပတ်သက်သူ ၇ ဦး ပါကစ္စတန်မှာ ရုံးတင်  Audio Clip Available
အာဖဂန်မဟာဗျူဟာ အိုဘားမား မကြာမီ ကြေညာမည်  Audio Clip Available
သမ္မတ အိုဘားမား ရှေ့နှစ် အိန္ဒိယနိုင်ငံ ချစ်ကြည်ရေးခရီး သွားမည်  Audio Clip Available
နာဂစ် အကူအညီပေးသူတွေ ပြန်လွှတ်ဖို့ လူ့အခွင့်အရေးအဖွဲ့ တောင်းဆို  Audio Clip Available
ထိုင်းဝန်ကြီးချုပ်ဟောင်း ဆမတ် ကွယ်လွန်  Audio Clip Available