VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
ဖားကန့်မြေပြိုမှု နောက်ပိုင်း ရောဂါဘယဖြစ်မှာ စိုးရိမ်နေကြ

11 July 2009

အနည်းဆုံး လူပေါင်း ၂၀ ကျော် သေဆုံးတဲ့အထိ ဖြစ်ခဲ့ရတဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသက မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုရဲ့ နောက်ဆက်တွဲအဖြစ် ဒေသခံတွေဟာ ၀မ်းပျက်ဝမ်းလျောရောဂါတွေ ဖြစ်နေကြပြီး ဆေးဝါးအလုံအလောက် မရှိတဲ့အတွက် အခက်အခဲ ဖြစ်နေကြရပါတယ်။ ဒါ့အပြင် မြေပြိုမှုအတွင်း သေဆုံးသူတွေရဲ့ အလောင်းတွေကိုလည်း စုပေါင်း သင်္ဂြီုလ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ စုံစမ်းထားတဲ့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ အခုလဆန်းပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှု ဖြစ်ခဲ့ပြီးတဲ့ နောက်ဆက်တွဲ သောက်ရေသုံးရေတွေ သန့်သန့်ရှင်းရှင်း မရတော့တာကြောင့် ၀မ်းပျက်ဝမ်းလျော ရောဂါတွေ ကို ခံစားနေကြရတာလို့ - မကြာသေးခင်ရက်ပိုင်းကပဲ ဒေသခံတွေနဲ့ အဆက်အသွယ်ရခဲ့တဲ့ ကချင်ဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့မှ ကိုအောင်ဝါ က ပြောပြ ပါတယ်။

“ဟိုတလောတုန်းက ရေကြီးတဲ့အချိန်မှာတော့ နောက်ဆက်တွဲက ၀မ်းကိုက်တဲ့ ရောဂါတွေ ဖြစ်တယ်။ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးတွေမှာ ဖြစ်တယ်လို့ ကြားနေတယ်လေ။ ဘယ်လောက်ထိ ဆိုးရွားတယ် ဆိုတာတော့ မသိဘူး ကျနော်တို့လည်း။ အဆက်အသွယ်က အခုထိ မရဘူးဆိုတော့လေ။ ဟိုတလောတုန်းကတော့ ခဏရတဲ့အချိန်မှာပဲ ကျနော် က ဒီလိုမျိုး အသံတွေ ကြားနေရတယ်။ ၀မ်းကိုက်၊ အထက်လံ အောက်လျော ပုံစံမျိုး ဖြစ်တယ်၊ ဒါကြောင့် ဒရစ်ဖ် တွေ သွင်း နေရတယ် ဆိုတာလောက်ပဲ ကြားတယ်ခင်ဗျ။ ဆိုတော့ ဒီရေကြီးလို့ နောက်ဆက်တွဲ ရှိလာတဲ့ဟာ။ ဘာဖြစ်လို့လဲ ဆိုတော့ ရေကြီးတော့ ရေကောင်းရေသန့်က မရတော့ဘူးလေ။ အကုန်လုံး ဖားကန့် တနယ်လုံးက မြှုပ်သွားတာကိုး။ ဒါကြောင့် ရေကောင်းရေသန့် မရတော့ ဒီဟာ နောက်ဆက်တွဲ ဖြစ်တယ်လို့ပဲ ကျနော် မြင်တယ်လေ။”

ဒီလို ၀မ်းပျက်ဝမ်းလျော ရောဂါခံစားနေရတဲ့သူတွေကို အဲဒီဒေသမှာရှိတဲ့ ဆေးရုံက ကုသပေးနေပေမယ့်လို့ တကယ်တမ်း ဖြစ်တဲ့သူ များလာရင် ထိထိရောက်ရောက် ကုသပေးနိုင်တဲ့ အနေအထား မရှိဘူးလို့လည်း ကိုအောင်ဝါ က ပြောပြပါတယ်။ ဒါ့အပြင် မြေပြိုလို့ သေဆုံးသွားသူတွေရဲ့ အလောင်းတွေကိုလည်း တဦးချင်း သင်္ဂြီုလ်ဖို့ ဒီအချိန်မှာ အတော်လေး ခက်ခဲ တာကြောင့် ကျင်းတကျင်းထဲမှာတင် စုပေါင်းပြီး မြှုပ်နှံသင်္ဂြီုလ် လိုက်ရတယ်လို့လည်း ကိုအောင်ဝါ က ဆက်ပြောပြခဲ့ပါ တယ်။

“ဟိုတလောတုန်းက ဒီဒေသခံတွေက ပြောပြချက်အရကတော့ အလောင်းတွေကို တချို့ဟာတွေ ရတာပေါ့။ တချို့ဟာတွေ မရဘူး။ တချို့ ရတာတွေ မြှုပ်ဖို့နေရာက တဦးချင်းက များတာနဲ့ အလောင်းတွေကို စုထားတယ် ဆေးရုံက။ ပြီးမှ ကားတွေ နဲ့ တင်ပြီးမှ တနေရာမှာပဲ ဘိုရူဆာ နဲ့ ကျင်းတူးပြီး မြှုပ်လိုက်တယ်လို့ ဒေသခံတွေက အကြောင်းကြားတယ်။”

သောကြာနေ့ထုတ် စစ်အစိုးရ သတင်းစာတွေမှာတော့ သေဆုံးသူဟာ အမျိုးသား ၁၁ ယောက်နဲ့ အမျိုးသမီး ၁၃ ယောက် စုစုပေါင်း ၂၄ ယောက် သေဆုံးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ဒေသခံတွေရဲ့ ပြောပြချက်အရကတော့ သူတို့ ရှာဖွေတွေ့ရှိတဲ့ အလောင်းတွေက ဒီအရေအတွက်ထက် များတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေကို သိရအောင် ကချင် Today Online သတင်းစဉ် အယ်ဒီတာ ဦးဘအောင် ကို မေးကြည့်တော့ -

“ဘုရားကျောင်းတွေက ပြောတာကတော့ သူတို့ မြှုပ်ပြီးသား အလောင်းတောင် သူတို့ဆီမှာက ၁၀ လောင်းကျော်လို့ ပြောတယ်။ ဒါနဲ့ ဟိုးနေ့ကပဲ မော်ဝမ်း ဘေးနားက တနေရာမှာ အလောင်းဖော်တဲ့နေရာမှာ အဲဒီတနေရာတည်းမှာတောင်မှ အလောင်း ၄၀ နီးပါးလောက် ဖော်လို့ရတယ်လို့ အဲဒီလို ပြောသံကြားတယ်။ ဒါကြောင့် တချို့က အဲဒီမှာ တချို့ ရပ်ကွက် တာဝန်ခံတွေ ပြောတာကလည်း နဂိုကတည်းက လူဦးရေ ဘယ်လောက်ရှိမှန်းမသိတော့ ဘယ်လောက်သေမှန်းတောင် သူတို့ သေချာပြောနိုင်မှာမဟုတ်ဘူးလို့ အဲဒီလို ပြောကြတယ်။ ဒါကြောင့် အခုလောလောဆယ် အားလုံး သူတို့ ဖော်လို့ရတဲ့ အလောင်း ၈၀ နီးပါး ရှိသွားပြီလို့တောင် ပြောတယ်။”

ဒါ့အပြင် နယ်ဆေးရုံဖြစ်တဲ့အတွက် ဆေးရုံးသုံး ပစ္စည်းကိရိယာတွေ၊ ကုတင်တွေကအစ လုံလောက်မှု မရှိတာကြောင့် အခုဆိုရင် မြေပြိုမှုအတွင်း ထိခိုက်ဒဏ်ရာရသူတွေဟာ ဆေးရုံကနေ ပြန်ဆင်းသွားပြီး ၀မ်းရောဂါဖြစ်သူတွေကိုသာ ဆေးရုံတွေက ဦးစားပေး ကုသပေးနေရတယ်လို့လည်း ကချင်ဖွံ့ဖြိုးမှုကွန်ယက်အဖွဲ့မှ ကိုအောင်ဝါ က ပြောပြပါတယ်။

“အခု ကျနော်တို့ နောက်ဆုံးကြားတာက ဒီမှာရှိတဲ့ ဒဏ်ရာရသူတွေတောင်မှ တချို့ ဘာသာရေး အဖွဲ့အစည်းက ကူညီနေ တယ်။ အစားအသောက်တွေက အရင်တုန်းကဆိုရင် ရေကြီးတဲ့အချိန်မှာဆိုရင် လူမှုရေး အဖွဲ့အစည်းတွေကပဲ ကူညီပေး တယ်လို့ပဲ ကြားနေရတယ်။”

လောလောဆယ်မှာ လမ်းပန်းဆက်သွယ်ရေးကတော့ သွားလို့ရတဲ့ အနေအထားကို ပြန်ရောက်လာပြီလို့ ဆိုပါတယ်။ ဒါ့အပြင် မြစ်ကြီးနားမှာရှိတဲ့ WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကနေ အရေးပေါ်အစားအစာတွေ အမြန်ဆုံး ပို့ဆောင်ပေးနိုင်ဖို့ စီစဉ်နေသလို နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF ကလည်း ဒေသတွင်းက ဆေးရုံတွေကို အကူအညီတွေ ပေးနေပြီး ဆေးဝါးတွေ ထပ်လိုအပ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်ရှင်။


Download မနန္ဒာချမ်း
နားဆင်ရန်  (MP3)
Listen to This Report မနန္ဒာချမ်း
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ရင် ဂျပန် အကူအညီ ပိုပေးမည်  Audio Clip Available

  More From VOA
ဝန်ကြီး ကလင်တန် ဥရောပ အာရှ ခရီးနှင်  Audio Clip Available
စင်ကာပူမှာ အာရှ-ပစိဖိတ် ခေါင်းဆောင်များ အစည်းအဝေး စတင်  Audio Clip Available
အိုဘားမား ကျန်းမာရေးစနစ် ပြုပြင်ရေး အောက်လွှတ်တော် မဲခွဲ အတည်ပြု  Audio Clip Available
အမေရိကန် သမ္မတ အိုဘားမား မြန်မာစစ်အစိုးရ ၀န်ကြီးချုပ်နဲ့ APEC အစည်းအဝေးပွဲမှာ ဆုံဖွယ်ရှိ  Audio Clip Available
တက္ကဆက် စစ်စခန်း ပစ်ခတ်မှု စုံစမ်းစစ်ဆေးရေးတွေ စတင်  Audio Clip Available
အမေရိကန်-မြန်မာ ဆက်ဆံမှုသစ် ဂျပန်ဝန်ကြီးချုပ် ကြိုဆို  Audio Clip Available
နေတိုး မှားပစ်လို့ အာဖဂန်စစ်သား ၇ ဦး သေဆုံး  Audio Clip Available