မြန်မာအစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်
နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပြီး ဒီမိုကရေစီလမ်းကို လျှောက်လှမ်းမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုနဲ့
သင့်မြတ်တဲ့ ဆက်ဆံရေးကို ထူထောင်နိုင်မှာ ဖြစ်တယ်လို့ သမ္မတ အိုဘားမားက
ပြောကြားလိုက်ပါတယ်။ အာရှ ၄ နိုင်ငံခရီးစဉ်အတွင်း ဂျပန် နိုင်ငံမှာ ပြောကြားတဲ့
မိန့်ခွန်းထဲ အခုလို ထည့်သွင်း ပြောကြားသွားတာ ဖြစ်ပါတယ်။ ဒီအကြောင်း နိုင်ငံခြားသတင်းထောက်တွေရဲ့
ရေးသားချက်တွေထဲက ကောက်နုတ်ပြီး ကိုဇော်ဝင်းလှိုင်က အစီရင်ခံထားပါတယ်။
သမ္မတ အိုဘားမားက အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံ
စစ်အစိုးရနဲ့ ပိုမိုနက်ရှိုင်းတဲ့ ဆက်ဆံရေးလမ်းကြောင်းကို စူးစမ်း လေ့လာနေတာ ဖြစ်ပါတယ်လို့
ဆိုပါတယ်။ အင်္ဂလိပ်လို မြန်မာလို့ မသုံးဘဲ Burma လို့ ခေါ်ဝေါ် သုံးစွဲသွားတဲ့ ဒီ ပြောကြားချက်ဟာ
သူ့အစိုးရတက်လာပြီးတဲ့နောက် သမ္မတအနေနဲ့ ပထမဦးဆုံး မြန်မာနိုင်ငံအကြောင်း လူသိရှင်ကြား
ပြောကြားသွားတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ
လွှတ်ပေးပြီး ဒီမိုကရေစီဖော်ဆောင်ဖို့ တိုက်တွန်းတာ ဖြစ်ပါ တယ်။
"ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေနဲ့ နှစ်ပေါင်းများစွာ
ဆောင်ရွက်ခဲ့တဲ့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေရော၊ တချို့ နိုင်ငံတွေရဲ့ အပြုသဘော
ဆက်ဆံရေးတွေကြောင့်ပါ မြန်မာပြည်သူတွေရဲ့ ဘ၀ တိုးတက်အောင် မလုပ်နိုင်ခဲ့ပါဘူး။ ဒါကြောင့်
ကျနော်တို့ဟာ မြန်မာနိုင်ငံ ခေါင်းဆောင်တွေနဲ့ တိုက်ရိုက် ဆက်ဆံနေပါတယ်။ ဒီမိုကရေစီရေး
ရှေ့ရှုတဲ့ စစ်မှန်သော တိုးတက်မှု မရှိသေးသမျှ အရေးယူပိတ်ဆို့မှုတွေ ဆက်လက်လုပ်နေဦးမှာပဲလို့
ရှင်းရှင်းလင်းလင်း သတိပေး ထားပါတယ်။ ကျနော်တို့ဟာ ညီညွတ်သော၊ ငြိမ်းချမ်းသော၊ ချမ်းသာကြွဝသော၊
ဒီမိုကရေစီ ထွန်းကားတဲ့ မြန်မာနိုင်ငံ ဖြစ်လာရေးကို ထောက်ပံ့အားပေးပါတယ်။ မြန်မာနိုင်ငံ
အနေနဲ့ ဒီလမ်းကြောင်းကို ဦးတည်လာခဲ့ရင် အမရိကန် ပြည်ထောင်စု နဲ့ ပိုမိုကောင်းမွန်တဲ့
ဆက်ဆံရေး ဖြစ်ထွန်းလာနိုင်ပါတယ်။"
သမ္မတအိုဘားမားဟာ တနင်္ဂနွေနေ့ အာဆီယံခေါင်းဆောင်တွေနဲ့
စင်္ကာပူမှာ တွေ့ဆုံတဲ့အခါ မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်လည်း
ပါဝင်မှာဖြစ်ပေမဲ့ သူ့အနေနဲ့ ဗိုလ်ချုပ်ကြီး သိန်းစိန်ကို တိုက်ရိုက် ဆက်သွယ် ပြောကြားဖို့
ရည်ရွယ်ချက်မရှိဘူးလို့ အမေရိကန် အရာရှိတွေက ပြောကြားထားပါတယ်။
အလားတူစွာပဲ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ
ကလင်တန် (Hillary Clinton) ကလည်း မြန်မာအစိုးရအကြီးအကဲနဲ့ တွေ့ဖို့ ရည်ရွယ်ချက်မရှိဘူးလို့
ဆိုပါတယ်။ ဒါပေမဲ့ အခြေအနေ တမျိုးတမည် ပြောင်းလဲလာနိုင်တယ်လို့ သုံးသပ်သူတွေက ဆိုနေကြပါတယ်။
မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက်ဆက်ဆံမှု စတင်ခဲ့ပြီး
အခုလ အစောပိုင်းကပဲ အမေရိကန်အစိုးရဟာ အရှေ့အာရှရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး
ကာ့တ် ကမ်ဘဲလ် (Kurt Campbell) ဦးဆောင်တဲ့ အဆင့်မြင့် ဆုံးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို
စေလွှတ်ခဲ့ပါတယ်။ ဒီအဖွဲ့ဟာ ၁၄ နှစ်တာအတွင်း မြန်မာနိုင်ငံကိုသွားရောက်တဲ့ အဆင့်အမြင့်ဆုံး
အမေရိကန် ကိုယ်စားလှယ် အဖွဲ့ဖြစ်ပါတယ်။
အခုကျင်းပနေတဲ့ APEC အစည်းအဝေးကာလအတွင်း
သမ္မတအိုဘားမားနဲ့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့ရဲ့ ပြောကြားချက်တွေနဲ့
ပတ်သက်ပြီး မြန်မာစစ်အစိုးရဘက်က တုံ့ပြန် ပြောကြားချက် တစုံတရာ မကြားသိရသေးပါဘူး။ ဗိုလ်ချုပ်မှူးကြီး
သန်းရွှေ ဒီအပတ်အတွင်း ပေးပို့ခဲ့တဲ့ အမျိုးသားနေ့သ၀ဏ်လွှာထဲမှာတော့ - ကိုလိုနီလက်သစ်
နိုင်ငံကြီး တချို့ဟာ မြန်မာ့ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ပြီး မြန်မာနိုင်ငံကို
သူတို့ရဲ့သြဇာခံအဖြစ် ဖန်တီးဖို့ ကြိုးပမ်းနေတယ် ဆိုတဲ့အကြောင်း သတိပေး ဖော်ပြခဲ့ပါတယ်။
အမေရိကန်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို
သွားရောက်ခဲ့စဉ်ကလည်း ဗိုလ်ချုပ်မှူးကြီးဟာ မြစ်ဝကျွန်းပေါ် ဒေသကို ခရီးထွက်နေခဲ့ပါတယ်။
ဒီလုပ်ရပ်တွေဟာ အမေရိကန်အစိုးရဘက်က ကမ်းလှမ်းချက်ကို အလေးအနက် မထားရာ ပြသလေသလားလို့
အကဲခတ်သူတွေက သုံးသပ်နေကြပါတယ်။