စကော့တလန် (Scotland)  လော့ကာဘီး (Lockerbie)  မြို့ပေါ်မှာ ပျံသန်းသွားခဲ့တဲ့ ခရီးသည်တင် လေယာဉ်တစီးကို   ဗုံးခွဲဖို့ ကြံစည်ခဲ့သူကို  လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တာကြောင့်  ကျန်ရစ်သူ မိသားစုဝင်တွေနဲ့ နိုင်ငံတကာက ပြင်းပြင်း ထန်ထန် ဝေဖန်ကဲ့ရဲ့တဲ့ အပေါ်မှာ စကော့တလန် တရားရေးဝန်ကြီးက  မနေ့က   ပါလီမန်ရှေ့မှောက်မှာ  ခုခံ ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး   လန်ဒန်က  ဗွီအိုအေသတင်းထောက်  တွမ် ရေးဗားစ် (Tom Rivers) သတင်းဆောင်းပါးတပုဒ် ပေးပို့ထားပါ တယ်။

၁၉၈၈ ခုနှစ်တုန်းက   စကော့တလန်က လော့ကာဘီးမြို့ပေါ်ကို   ဖြတ်ြပီး ပျံသန်းသွားခဲ့တဲ့  Pan Am လေယာဉ်အမှတ်စဉ် ၁၀၃ ကို ဗုံးကွဲမှုနဲ့ ပတ်သက်ပြီး  ပြစ်မှုထင်ရှားရှိတယ်ဆိုပြီး  အပြစ်ပေးခံထားရတဲ့  တဦးတည်းသော တရားခံကို ပြန်လွှတ်ပေးလိုက်ခဲ့တဲ့ နောက်ပိုင်း ငြင်းခုံမှုတွေ မကျေနပ်မှုတွေ ဟိုးလေးတကျော် ဖြစ်သွားခဲ့တာတွေကို ပြန်လည် ဆွေးနွေးကြဖို့  စကော့တလန် ပါလီမန်ဟာ  နွေရာသီ အားလပ်ရက်တွေ အတွင်း ရပ်နားထားရာကနေ  မနေ့က  စောစောပြန်စခဲ့ပါတယ်။  ပုံမှန်အားဖြင့်  အတွေးအမြင်တွေကို  ပွင့်ပွင့်လင်းလင်း  ဆွေးနွေးဖလှယ်လေ့ရှိတဲ့   စကော့တလန် ပါလီမန်မှာ  မနေ့တုန်းကတော့   ခံစားချက်တွေ ဖုံးလွှမ်းနေပုံပေါ်နေပါတယ်။

စကော့တလန်က အတိုက်အခံ လေဘာပါတီခေါင်းဆောင် Iain Gray က တရားရေးဝန်ကြီး  Kenny MacAskill ကို  ပြောင်ပြောင်တင်းတင်း  ဝေဖန်ကဲ့ရဲ့ခဲ့ပါတယ်။  တရားရေးဝန်ကြီးကတော့  တရားခံ Abdel Basset al-Megrahi ဟာ  ဆီးကျိတ်ရောင်ရောဂါနဲ့  ၃ လပဲ အသက်ရှင်တော့မှာ ဖြစ်တာမို့  လူသားချင်း စာနာထောက်ထားတဲ့ အနေနဲ့ ထောင်ထဲက လွှတ်ပေးခဲ့ပြီး  သူ့ရဲ့ နိုင်ငံဌာနေ  လစ်ဗျားနိုင်ငံကို ပြန်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ Gray ကတော့ စာနာထောက်ထားသောအားဖြင့်  သူ့ကို လွှတ်ပေးလိုက်တယ်ဆိုတာ မှန်ပေမဲ့  တရားမျှတမှုနဲ့ ချိန်ထိုးရမှာဖြစ်သလို   ဗုံးကွဲမှုမှာ  မြေဇာပင် ဖြစ်ခဲ့ရသူတွေရဲ့ အခွင့်အရေးကိုလည်း ကာကွယ်ရမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။