ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန
About VOA | ဆက်သွယ်ရန်
24 နိုဝင်ဘာ 2009
ယနေ့ ဗွီအိုအေ »:
အပတ်စဉ်အင်္ဂါနေ့ည ၉း၀၀-၁၀း၀၀ နာရီ အစီအစဉ်တိုင်းမှာ အနုပညာမိုးကောင်ကင်ကဏ္ဍကို နားဆင်နိုင်ပါတယ်။ ဒီ စာမျက်နှာမှာတော့ ထုတ်လွှင့်ခဲ့ပြီးတဲ့ အစီအစဉ်တွေကိုလည်း ပြန်လည်နားဆင်နိုင်ပါတယ်။
လန်ဒန်မြို့ က မြန်မာပန်းချီပြပွဲ ဖေဖေါ်ဝါရီလ ၉ရက်နေ့ ကနေ ၁၄ရက်နေ့အထိ လန်ဒန်မြို့မှာ ပြသခဲ့တဲ့ မြန်မာ ပန်းချီသမား ၆ဦးရဲ့ ပြပွဲအကြောင်း ပန်းချီဆရာ ထိန်လင်းနဲ့ ဆက်သွယ် မေးမြန်းထားတာပါ။
အမေရိကန် သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲနှင့် ကဗျာဆရာများ အခုတပါတ် အနုပညာ မိုးကောင်းကင် အစီအစဉ်မှာတော့ အမေရိကန် ပြည်ထောင်စုရဲ့  သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲတွေမှာ ကဗျာ အနုပညာရှင်တွေကို ဖိတ်ခေါ်ပြီး သမ္မတ အသစ်ကို ကဗျာရွတ်ဆိုပြီး ဂုဏ်ပြုတဲ့ အစဉ်အလာရှိတဲ့ အကြောင်း၊ အခု သမ္မတသစ် ဘားရက် အိုဘားမားရဲ့  ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာလည်း ကဗျာဆရာမ Elizabeth Alexander ကိုဖိတ်ခေါ်ပြီး ကဗျာရွတ် ခွင့်ပေးခဲ့တဲ့အကြောင်း ကိုကျော်အောင်လွင်က တင်ဆက်ပေးထားပါတယ်။
ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်) ရဲ့ အနုပညာ ဖြတ်သန်းမှု အနုပညာ မိုးကောင်းကင်မှာ စာရေးသားခွင့် ၁၀ နှစ်ကျော် ပိတ်ပင်ခံထားရတဲ့ အင်းဝမြို့ က ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်)ရဲ့  ပြောဆိုမှုတွေကို ကြားရမှာပါ။ ကဗျာဆရာဆိုတာ လာခြင်းကောင်းတဲ့ ပုဂ္ဂိုလ်မဟုတ်ဘူးလို့ ကဗျာဆရာ ကိုလေးက ဆိုပါတယ်။ ကဗျာဆရာဖြစ်ဖို့ ဘယ်လို ဖြတ်သန်းမှုတွေ ရှိခဲ့သလဲဆိုတာကိုလည်း ကြားရမှာပါ။ ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းထားတာပါ။
ကြည်အောင်ရဲ့ ကဗျာလက်ဆောင် ဒီဇင်ဘာ ၀၉၊ ၂၀၀၈- ဒီမိုကရေစီလှုပ်ရှားမှုကိုအားပေးထောက်ခံလို့ အနုပညာ ဖန်တီးခွင့် ပိတ်ပင်ခံထားရတဲ့ မြန်မာ့ အနုပညာသမားတွေထဲမှာ အင်းဝမြို့ က ကဗျာဆရာ ကြည်အောင်လည်း ပါဝင်ပါတယ်။ ဆရာကြည်အောင်ရဲ့  ကဗျာတွေ ဖေါ်ပြခွင့်မရတာ အခုဆိုအ နှစ်၂၀လောက်ရှိလာပါပြီ။ ပြည်သူတွေအတွက် ကဗျာရေးဖွဲ့ မယ်လို့ ခံယူထားတဲ့ သူတယောက်က ကဗျာရေးခွင့်မရတော့ ပြည်သူတွေနဲ့အတူ အခွင့်အရေးတွေ ဆုံးရှုံးနေရတယ်လို့ ဆိုပါတယ်။ အနုပညာ မိုးကောင်းကင်ကနေ နိုင်ငံတကာရောက် မြန်မာတွေအတွက်လည်း ဆရာကြည်အောင်က ကဗျာလက်ဆောင် ရွတ်ဆိုပေးထားပါတယ်။
မောင်မိုးသူရဲ့ အနုပညာခရီးဒီဇင်ဘာ ၀၂၊ ၂၀၀၈- စာရေးဆရာ မောင်မိုးသူဟာ ရုပ်ရှင်ဒါရိုက်တာ၊ မဂ္ဂဇင်းအယ်ဒီတာ၊ ဘာသာပြန်သမား စတဲ့လုပ်ငန်းတွေမှာကျွမ်းကျင်တဲ့ စွယ်စုံအနုပညာရှင်တဦးပါ။ ကျောင်းသား ဘ၀ကလည်း ကျောင်းသား ခေါင်းဆောင်ဖြစ်ခဲ့ပြီး လက်ရှိ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုမှာ တက်တက်ကြွကြွ ပါဝင်ခဲ့လို့လည်း နိုင်ငံရေး အကျဉ်းသား အဖြစ် ထောင်ချခံခဲ့ရတဲ့သူပါ။ ၁၉၆၀ တ၀ိုက်က သူ့တို့ သူငယ်ချင်း မိတ်ဆွေတစုရဲ့ ထင်ရှားတဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ သူဖြတ်သန်းခဲ့ရတဲ့ အနုပညာခရီး တစိတ်တပိုင်းကို ဆရာ မောင်မိုးသူက အနုပညာမိုးကောင်းကင်မှာ ရှင်းပြပါလိမ့်မယ်။
တင်ဝင်း (ဗိဿနိုး)ရဲ့ အနုပညာတင်ဆက်မှု နိုဝင်ဘာ ၂၅၊ ၂၀၀၈- ပန်းချီဆရာ တင်ဝင်း (ဗိဿနိုး)ရဲ့ တကိုယ်တော် ပန်းချီပြပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ က သုဝဏဘူမိ မြန်မာ ပန်းချီပြခန်းမှာ နိုဝင်ဘာ၁၅ ရက်နေ့ ကနေ ဒီဇင်ဘာလ ၅ရက်နေ့ အထိ ပြသထားပါတယ်။ ပန်းချီသမားတွေရဲ့ လက်ရာမြင့်မားလာသလို မြန်မာ့ ပန်းချီ ဈေးကွက်ဟာလည်း နိုင်ငံတကာကို တဖြေးဖြေးချင်း ထိုးဖေါက်လာနေပါတယ်။ ဒါပေမယ့်လည်း မြန်မာပြည်တွင်းမှာတော့ ပန်းချီသမားတွေအတွက် အခက်အခဲတွေ ရှိနေတုံးပဲလို့ ပန်းချီတင်ဝင်းက ပြောပါတယ်။ ဘယ်လို အခက်အခဲတွေလဲ။ မြန်မာ့ ပန်းချီလောက အလားအလာ ဘယ်လိုလဲ ဆိုတာတွေကို သိရအောင် ထိုင်းနိုင်ငံကို ရောက်နေတုန်း ပန်းချီတင်ဝင်း ဗိဿနိုးကို ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာ့ ဂီတ စီးပွားရေးအောက်တိုဘာ ၂၁ရက်၊ ၂၀၀၈ - ဒီတပတ် တင်ဆက်မယ့် အနုပညာ မိုးကောင်းကင် အစီအစဉ်မှာ အဆိုတော် ဆောင်းဦးလှိုင်နဲ့ ကိုကျော်အောင်လွင်တို့ ပြောဆို ထားကြ ပါတယ်။ မြန်မာပြည်မှာ သီချင်းCD နဲ့ VCD ခိုးကူးခွေတွေအကြီးအကျယ် ထွန်းကားလာလို့ ဗွီဒီယိုနဲ့ဂီတ လောကသားတွေ စီးပွါးရေးအရ အထိနာနေတာ တော်တော်ကြာပါပြီ။ အခုတော့ ခိုးကူးခွေ လောကလည်း သိပ်ပြီး စီးပွါး မဖြစ်ကြတော့ ပါဘူးလို့ ဆိုပါတယ်။ နောက်ဆုံး အခြေအနေတွေ ဘယ်လို ရှိသလဲဆိုတာနဲ့ ပါတ်သက်ပြီး တေးရေး၊တေးဆို ဆောင်းဦးလှိုင်ကို ကိုကျော်အောင်လွင်က ဆက်သွယ် မေးမြန်းထားပါတယ်။
ဇော်ဇော်အောင်နှင့် အနုပညာ ဝေဖန်ရေးစက်တင်္ဘာ ၂၃၊ ၂၀၀၈ - ဒီတပတ် အနုပညာမိုးကောင်းကင် အစီအစဉ်မှာတော့ ဝေဖန်ရေးနဲ့ ပါတ်သက်ပြီး တင်ဆက်ပေးမှာပါ။ ဝေဖန်ရေးဟာ အနုပညာကိစ္စတွေမှာ သာမကပဲ လူ့အဖွဲ့အစည်း တိုးတက်ဖွံ့ဖြိုး ရေးမှာပါ အရေးကြီးတဲ့ကိစ္စ ဖြစ်တဲ့အကြောင်း၊ မြန်မာ့အနုပညာ လောကမှာရော မြန်မာ့လူမှုအသိုင်းအ၀ိုင်း မှာပါ စံနစ်ကျတဲ့ ဝေဖန်ရေး ထွန်းကားမှု အားနည်းနေတယ်လို့ စာရေးဆရာ ဇော်ဇော်အောင်က ပြောပါတယ်။ ဆရာဇော်ဇော်အောင်ဟာ တက္ကသိုလ်မှာ မြန်မာစာပေနဲ့ ဝေဖန်ရေး ပညာရပ်ကို သင်ကြားပို့ချခဲ့တဲ့ ဆရာတဦး၊ လက်ရှိလည်း အနုပညာစံနှုန်းတွေ၊ ကမ္ဘာ့စာပေရေစီးကြောင်း တွေကို မိတ်ဆက်ပေးနေသူတဦးလည်း ဖြစ်ပါတယ်။ ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းထားတာပါ။
ရွှေဝါရောင် တော်လှန်ရေးနှစ်ပတ်လည်စက်တင်္ဘာ ၁၆၊ ၂၀၀၈ - ရွှေဝါရောင် တော်လှန်ရေးလို့ ခေါ်တဲ့ မြန်မာ ရဟန်းတော်တွေ ဦးဆောင်ပြီး မြန်မာပြည် ငြိမ်းချမ်းရေး မေတ္တာပို့ခဲ့ကြတာ အခုဆိုရင် တနှစ်တင်းတင်း ပြည့်လာပါပြီ။ မြန်မာ စစ်အစိုးရက အကြမ်းဖက်ဖြိုခွဲခဲ့လို့ မေတ္တာပို့ပွဲ ပျက်ခဲ့ရတာလည်း တနှစ်ပြည့်ပါပြီ။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်မှုကြောင့် သေကျေဒဏ်ရာရ ထောင်ကျခဲ့ရတဲ့ သံဃာတော်တွေနဲ့ ပြည်သူတွေအတွက် ခံစားဖွဲ့ဆိုကြတဲ့ အနုပညာဖန်တီးမှုတွေလည်း တော်တော်များများ ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီအထဲက တချို့ကို ကောက်နှုတ်ဖေါ်ပြပြီး ကိုကျော်အောင်လွင်က အနုပညာမိုးကောင်းကင်မှာတင်ဆက်ပေးပါလိမ့်မယ်။
ဧရာဝတီရဲ့ အဝေးရောက်သားသမီးတွေ စက်တင်္ဘာ ၀၉၊ ၂၀၀၈ - စက်တင်ဘာလှုပ်ရှားမှုကို နာကျင်ခံစားနေရသူ ကဗျာသမား ဘုန်းမင်းဇွန်က “လမ်းပေါ်မှာစီးတဲ့ ဧရာဝတီ” ဆိုတဲ့ ပြည်တွင်းမှာ ထုတ်ဝေခွင့် မရနိုင်တဲ့ ကဗျာ တပုဒ် နဲ့ စက်တင်္ဘာ ရွှေဝါရောင်လှုပ်ရှားမှုအပေါ် သူရဲ့  ခံစားချက်ကို ဖွဲ့ဆို တင်ပြထားပါတယ်။
တာရာမင်းဝေ နှစ်ပတ်လည် အောက်မေ့ဘွယ် သြဂုတ် ၂၆ & စက်တင်္ဘာ ၀၂၊ ၂၀၀၈ - ဒီတပတ် အနုပညာမိုးကောင်းကင်မှာ ကွယ်လွန်သူ စာရေးဆရာ တာရာမင်းဝေ အကြောင်း တင်ဆက်ထားပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ ကွယ်လွန်ခဲ့တဲ့ ကဗျာဆရာ၊ စာရေးဆရာ တာရာမင်းဝေ ဟာ လူငယ်ထုကြားမှာ အောင်မြင်မှု အရှိန်အဟုန် မြင့်မားနေတုန်း အသက် ၄၁ နှစ် အရွယ်မှာ ဆုံးပါးသွားပါတယ်။ တာရာမင်းဝေ ရဲ့  ဆန်းသစ်တဲ့ အရေးအသားတွေ နဲ့ အနုပညာတွေကို ဖန်တီးခဲ့တဲ့သူ ဖြစ်တဲ့အပြင် ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာလည်း တက်တက်ကြွကြွ ရှိခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တဦး၊ နိုင်ငံရေးအကျဉ်းသားတဦးလည်း ဖြစ်ခဲ့ပါတယ်။ သူနဲ့ ရင်းရင်းနှီးနှီးရှိခဲ့ပြီး နိုင်ငံရေး အကျဉ်းသားဘ၀မှာလည်း ဖြတ်သန်းမှုတူခဲ့တဲ့ ကဗျာဆရာ “နှင်းခါးမိုး” က တာရာမင်းဝေ အကြောင်း အောက်မေ့ဘွယ် ပြန်ပြီး ပြောပြထားတာတွေကို ကိုကျော်အောင်လွင်က တင်ဆက်ပေးထားပါတယ်။
ခွပ်ဒေါင်းတို့ရဲ့  တွန်ကြူးသံ သြဂုတ် ၁၉၊ ၂၀၀၈ - ရှစ်လေးလုံး လူထုအုံကြွမှုကြီးကို ဖွဲ့ ဆိုထားတဲ့ ကဗျာဆရာ ၀င်းတင့်ထွန်းရဲ့  “ခွပ်ဒေါင်းတို့ရဲ့  တွန်ကြူးသံ” ဆိုတဲ့ကဗျာကို တင်ပြထားပါတယ်။ ဒီကဗျာဟာ ၁၉၉၅ ခုနှစ် ရန်ကုန်တက္ကသိုလ် စိန်ရတု အထိမ်းအမှတ်အဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ ချုပ် (ဗကသ) က ထုတ်ဝေခဲ့ဖူးတဲ့ ကဗျာရှည်တပုဒ်လည်း ဖြစ်ပါတယ်။ ဒီကဗျာထဲက တချို့ အပိုဒ်တွေကို ကောက်နုတ်ပြီး ရှစ်လေးလုံး (ဂဂဂဂ) အနှစ် ၂၀ပြည့် အထိမ်းအမှတ်အဖြစ် ကဗျာဆရာဝင်းတင့်ထွန်း ကိုယ်တိုင်ရွတ်ဆို ထားပါတယ်။
လွတ်လပ်စွာ အနုပညာ ဖန်တီးခွင့်ဆု (ပြန်ထုတ်လွှင့်)သြဂုတ် ၁၂၊ ၂၀၀၈ - အခုတပါတ်အစီအစဉ်မှာတော့ အနုပညာအကြောင်းဆိုတာထက် အနုပညာလှုပ်ရှားမှုအတွက် ချီးမြင့်မဲ့ဆုတခုအကြောင်း ကိုကြားရမှာပါ။ လွတ်လပ်မှုတွေမရှိတဲ့ကြားက စွန့်စားပြီးကိုယ်ယုံကြည်ရာကိုအနုပညာနဲ့ဖေါ်ထုတ်ရဲကြတဲ့ အနုပညာ သည်တွေအတွက် ဆုချီးမြင့်သွားဖို့ ဥရောပမှာရှိတဲ့အနုပညာမြင့်တင်ရေးအဖွဲ့ တခုကစီစဉ်ထားပါတယ်။ "လွတ်လပ်စွာ အနုပညာ ဖန်တီးခွင့်ဆု" လို့ခေါ်ပါတယ်။ မြန်မာပြည်ကလည်းဆုရရှိရေးလျှောက်ထားလို့ရပါတယ်။ ပထမဆုံးအကြိမ်ချီးမြင့်မယ့် ဆုကို ဒီနှစ်ကုန် ဒီဇင်ဘာလကြရင်ပေးမှာပါ။ ဆုရွေးချယ်ရေးအဖွဲ့မှာ အနုပညာရှင်တဦးအနေနဲ့ ပါဝင်တဲ့ ခေတ်ပေါ်ပန်းချီသမား ထိန်လင်းကိုဆက်သွယ်ပြီး ကိုကျော်အောင်လွင်က မေးမြန်း တင်ပြထားပါတယ်။ ဆုလျှောက်ထားရန် အင်တာနက်စာမျက်နှာ (www.freedomtocreateprize.com)။
လူထုလှုပ်ရှားမှုတေးသီချင်းများ နဲ့ အဆိုတော် မာမာအေး သြဂုတ် ၀၅၊ ၂၀၀၈ - ရှစ်လေးလုံး လူထုလှုပ်ရှားမှုကြီးအတွင်းမှာ ယခင်ပိတ်ပင်ခံခဲ့ရတဲ့ ကျောင်းသားသမဂ္ဂ တေးသီချင်းတွေ နဲ့ လူထုလှုပ်ရှားမှု ကို ဂုဏ်ပြုဖွဲ့  ဆိုထားတဲ့ တေးသီချင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီကာလက လူထုလှုပ်ရှားမှု အတွက် တေးသီချင်းတွေ သီဆိုပေးခဲ့သူတွေထဲ မှာ နိုင်ငံကျော်အဆိုတော် မာမာအေးလည်း ပါဝင်ခဲ့ပါတယ်။ အနုပညာသည်တွေလည်း လူထုကြီးနဲ့အတူ ဒီမိုကရေစီအရေး တက်တက်ကြွကြွ တောင်းဆိုခဲ့ကြတဲ့ အကြောင်းကို အဆိုတော်မာမာအေး က ပြန်ပြောပြထားပါတယ်။
Hip Hop ဂီတရဲ့  ဦးဆောင်အဖွဲ့ တခုဖြစ်တဲ့ ACID အဖွဲ့ အကြောင်း (ပြန်ထုတ်လွှင့်)ဇူလိုင် ၂၉၊ ၂၀၀၈ - ဒီကနေ့တော့ မြန်မာပြည်က Hip Hop ဂီတရဲ့  ဦးဆောင်အဖွဲ့ တခုဖြစ်တဲ့ ACID အဖွဲ့ အကြောင်းကိုကြားရမှာပါ။ ACID အဖွဲ့ ကအဆိုတော် ဇေယျာသော်နဲ့ ယန်ယန်ချမ်းတို့ဟာ ပြီးခဲ့တဲ့နှစ်စက်တင်ဘာလူထုလှုပ်ရှားမှုမှာပါဝင်ခဲ့ကြပြီးအခုတော့ အာဏာပိုင်တွေရဲ့  ဖမ်းဆီးမှုကိုခံနေ ကြရပါတယ်။ မြန်မာလူငယ် Hip Hop သမားတွေဟာ ပြည်သူတွေရဲ့  ဒုက္ခတွေကို ရဲရဲဝင့်ဝင့် ဖွင့်ချပြနေတဲ့သူတွေလား ဆိုတာနဲ့ပါတ်သက်ပြီး Hip Hop သမားဇေယျာသော်နဲ့ ယန်ယန်ချမ်းတို့ရဲ့  သူငယ်ချင်းဂီတသမား မိုးသွေးကို ကိုကျော်အောင် လွင်ကဆက်သွယ်မေးမြန်းထားပါတယ်။ နောက်ခံသီချင်းတွေကတော့ Acid အဖွဲ့ ရဲ့  စတင်ခြင်းနဲ့ ယန်ယန်ချမ်းရဲ့ လိုက်ကြည့် တို့ဖြစ်ပါတယ်။
ကဗျာဆရာ ကြည်မောင်သန်းရဲ့  “ဒီပရင်္ဂ ” ဇူလိုင် ၂၂၊ ၂၀၀၈ - ပြီးခဲ့တဲ့ဇွန်လထုတ် ချယ်ရီမဂ္ဂဇင်းမှာ စာပေစိစစ်ဆေးရဲ့  ခွင့်ပြုချက်နဲ့ဖေါ်ပြခဲ့တဲ့ ကဗျာဆရာ ကြည်မောင်သန်းရဲ့  “ဒီပရင်္ဂ ” ဆိုတဲ့ကဗျာကြောင့် အာဏာပိုင်တွေက ဖိအားပေးလို့ အယ်ဒီတာလည်း အလုပ်ဖြုတ်ခံရ၊ ကဗျာဆရာလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။ ကဗျာ က ဒီပဲရင်းမြို့ ဘွဲ့ ကဗျာတပုဒ်ပါ။ အာဏာပိုင်တွေအတွက် ဘယ်လောက်များ စိတ်အနှောက်အယှက် ဖြစ်စရာတွေ ကဗျာထဲမှာပါဝင်နေလို့ပါလဲ ကိုကျော်အောင်လွင်က တင်ပြထားပါတယ်။
ထုတ်လွှင့်ခဲ့ပြီး အစီအစဉ်ဟောင်းများ
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ (ပြန်ထုတ်လွှင့်) ဇူလိုင် ၁၅၊ ၂၀၀၈- ဖေဖေါ်ဝါရီလ ၁၃ရက်နေ့ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ မြန်မာနိုင်ငံကလေးများနေ့ ဖြစ်ပေမယ့် ဒီနေ့ လူငယ်တွေ မသိတော့ပဲ သမိုင်းမှေးမှိန်နေတဲ့အဖြစ်ကို ခံစားရလို့ လူရွှင်တော်ဇာဂနာ က ဗိုလ်ချုပ်ရဲ့အတ္ထုပ္ပတ္တိကို ရုပ်ရှင်ရိုက်ဖို့ ဇာတ်ညွှန်းရေးနေတဲ့ အကြောင်း၊ အနုပညာရှင်များရဲ့  တာဝန် လုပ်ဆောင်ဖို့တွေ ပြောဆိုထားတာကို နားဆင်ရမှာပါ။
လွတ်လပ်စွာ အနုပညာ ဖန်တီးခွင့်ဆု ဇူလိုင် ၈၊ ၂၀၀၈ - အခုတပါတ်အစီအစဉ်မှာတော့ အနုပညာအကြောင်းဆိုတာထက် အနုပညာလှုပ်ရှားမှုအတွက် ချီးမြင့်မဲ့ဆုတခုအကြောင်း ကိုကြားရမှာပါ။ လွတ်လပ်မှုတွေမရှိတဲ့ကြားက စွန့်စားပြီးကိုယ်ယုံကြည်ရာကိုအနုပညာနဲ့ဖေါ်ထုတ်ရဲကြတဲ့ အနုပညာ သည်တွေအတွက် ဆုချီးမြင့်သွားဖို့ ဥရောပမှာရှိတဲ့အနုပညာမြင့်တင်ရေးအဖွဲ့ တခုကစီစဉ်ထားပါတယ်။ "လွတ်လပ်စွာ အနုပညာ ဖန်တီးခွင့်ဆု" လို့ခေါ်ပါတယ်။ မြန်မာပြည်ကလည်းဆုရရှိရေးလျှောက်ထားလို့ရပါတယ်။ ပထမဆုံးအကြိမ်ချီးမြင့်မယ့် ဆုကို ဒီနှစ်ကုန် ဒီဇင်ဘာလကြရင်ပေးမှာပါ။ ဆုရွေးချယ်ရေးအဖွဲ့မှာ အနုပညာရှင်တဦးအနေနဲ့ ပါဝင်တဲ့ ခေတ်ပေါ်ပန်းချီသမား ထိန်လင်းကိုဆက်သွယ်ပြီး ကိုကျော်အောင်လွင်က မေးမြန်း တင်ပြထားပါတယ်။ ဆုလျှောက်ထားရန် အင်တာနက်စာမျက်နှာ (www.freedomtocreateprize.com)။
ပန်းချီဆရာမ ချောအိသိန်း ရဲ့  ခံစားဖန်တီးမှု ဇူလိုင် ၁၊ ၂၀၀၈ - မြန်မာ့အမျိုးသမီးအနုပညာရှင်တွေထဲက ပန်းချီဆရာမ“ချောအိသိန်း” ကတော့ ခံစားချက်တွေကို ပန်းချီနဲ့ ဖေါ်ပြရတာ အားမရနိုင်လို့ Performence Art လို့ခေါ်တဲ့ လူကိုယ်တိုင် သရုပ်ပြဖန်တီးတဲ့အနုပညာတွေ Installation Art လို့ခေါ်တဲ့ ကိုယ်ပါတ်ဝန်းကျင်က အရာဝတ္ထုတွေနဲ့ ခံစားမှုကိုဖန်တီးပြတဲ့အနုပညာတွေကို ပြည်တွင်းမှာသာမကပဲ နိုင်ငံတကာမှာပါ လှည့်ပြီးပြသနေပါပြီ။ အခု ဗီယက်နမ်နိုင်ငံမှာရောက်နေတဲ့ မချောအိသိန်းကို ဆက်သွယ်မေးမြန်းပြီးသူ့ရဲ့ အနုပညာဖန်တီး မှုတွေအကြောင်း ကိုကျော်အောင်လွင်က အခုတပါတ်အနုပညာမိုးကောင်းကင်မှာ တင်ဆက်ထားပါတယ်။
ဘ၀ရဲ့ မုန်တိုင်းထဲက ကယ်သူမဲ့လက်များ ဇွန် ၂၄၊ ၂၀၀၈ - “မျိုးချစ်မြန်မာ”ဆိုတဲ့ အင်တာနက်ဘလော့ဂ်ဟာ ပြည်ပရောက်မြန်မာတွေကြားမှာ ထင်ရှားတဲ့ ဘလောဂ်တခုဖြစ်ပါတယ်။ ဒီဘလောဂ်ကိုရေးသားထုတ်လွှင့်တဲ့ အမေရိကန်ရောက် ဘလောဂါ ကိုမျိုးချစ်ဟာ ဂီတကိုလည်း ဖန်တီးနိုင်သူတဦးပါ။ ဆိုင်ကလုံးမုန်တိုင်း မြန်မာပြည်ကို ၀င်မွှေသွားပြီးတဲ့ နောက်ပိုင်း ဒုက္ခသည်တွေကိုစာနာခံစားပြီး သူ့ရဲ့ ကိုပိုင်သံစဉ်သီချင်း နှစ်ပုဒ်ကို ကိုမျိုးချစ်က ထုတ်ဝေဖြန့်ချီ နေပါတယ်။ သူ့ရဲ့  ဘ၀ရဲ့ မုန်တိုင်းထဲက ကယ်သူမဲ့လက်များ တေးသီချင်းတွေအကြောင်း သိရအောင် ကိုမျိုးချစ်ကိုဆက်သွယ်ပြီး ကိုကျော်အောင်လွင်က တင်ဆက်ပေးထားပါတယ်။
ဧရာဝတီရဲ့ ရင်သွေးများအတွက် ဇွန် ၁၇၊ ၂၀၀၈ - မြန်မာပြည်က မုန်တိုင်းသင့်ပြည်သူတွေအတွက်ဖွဲ့ ဆိုထားတဲ့ကဗျာတပုဒ်ကိုပါ။ ကဗျာဆရာ ကောင်းကင်ကို က ဧရာဝတီတိုင်းမြစ်ဝကျွန်းပေါ်ဒေသ မုန်တိုင်းကြားကပြည်သူတွေရဲ့ ဘ၀တွေကို ကိုယ်ချင်း စာစိတ်နဲ့ရေးဖွဲ့ထားတဲ့ကဗျာပါ။ “ဧရာဝတီရဲ့ ရင်သွေးများအတွက်” ဆိုတဲ့ ကဗျာဆရာ ကောင်းကင်ကိုရဲ့ ကိုယ်စား ကိုကျော် အောင်လွင်က တင်ပြထားပါတယ်။
နိုင်ငံအတွက်ရင်နာတယ် ဇွန် ၃၊ ၂၀၀၈ - မုန်တိုင်းဒဏ်ကိုအလူးအလဲခံလိုက်ရတဲ့မြန်မာပြည်က အခြေအနေတွေကို တိုင်း ပြည်ကိုချစ်တဲ့အနုပညာသမားတွေကပိုပြီး နားလည်ခံစားကြရသလို သူတို့ရဲ့ ခံ စားမှုတွေကိုလည်း သန်ရာသန်ရာအနုပညာပစ္စည်းတွေနဲ့ထုတ်ဖေါ်နေကြပါ တယ်။ ပြည်ပရောက် ကဗျာဆရာ ၀င်းတင့်ထွန်းကလည်း “နိုင်ငံအတွက်ရင်နာ တယ်” ဆိုတဲ့ကဗျာရှည်တပုဒ်နဲ့ မုန်တိုင်းသင့်မြန်မာပြည်ကိုဖွင့်ဆိုပါတယ်။ ကဗျာဆရာ ၀င်းတင့်ထွန်း ကိုယ်တိုင်ရွတ်ဆိုထားတာပါ။
အနုပညာဟာ ခံစားမှုတွေကိုလှုံ့ဆော်နိုင်တဲ့အရာ မေ ၂၇၊ ၂၀၀၈ - လန်းဆန်းနေသူတွေကို ညိုးနွမ်းသွားစေတတ်သလို ညိုးနွမ်းနေသူတွေကိုလည်း လန်းဆန်းစေ နိုင်ပါတယ်။ ဒီအဖြစ်အပျက်တွေကိုဖန်တီးနိုင်သူတွေက အနုပညာရှင်တွေပါ။ မုန်တိုင်းဒဏ်ကြောင့် ရုပ်ပိုင်းစိတ်ပိုင်း အကြီးအကျယ်ထိခိုက်နေကြရတဲ့ မြန်မာပြည်သူတွေအတွက်လည်း ဘ၀ကိုဆက်ပြီး ရင်ဆိုင်နိုင်ကြဖို့ စိတ်ဓါတ်အင်အားတွေ ဖြည့်ဆီးပေးဖို့အရေးမှာ အနုပညာရှင်တွေရဲ့  စာနာမှုတွေနဲ့ ကျွမ်းကျင်မှုတွေလိုအပ် နေတယ်လို့ ပြောလာသူတဦးကတော့ ဆူနာမီရေဘေးကာလက ကူညီရေး အတွေ့ အကြုံတွေရှိခဲ့တဲ့ HREIB လို့ခေါ်တဲ့ မြန်မာနိုင်ငံလူအခွင့်အရေး ပညာပေးအဖွဲ့ခေါင်းဆောင် ကိုအောင်မျိုးမင်းပါ။ အနုပညာရဲ့ အစွမ်းထက်ပုံကို သိနိုင်ဖို့ ကိုအောင်မျိုးမင်းကို ကိုကျော်အောင်လွင်ကဆက်သွယ် မေးမြန်းပြီး အနုပညာမိုးကောင်းကင်မှာ တင်ဆက်ပေးထားပါတယ်။
မုန်တိုင်းဒုက္ခသည်တွေ ကိုကူညီရေး ရံပုံငွေရှာဖွေတဲ့ ဂီတဖျော်ဖြေပွဲ မေ ၂၀၊ ၂၀၀၈ - မုန်တိုင်းဒဏ်အကြီးအကျယ်ခံခဲ့ကြရတဲ့ မြန်မာပြည်သူတွေရဲ့  ခံစားနေရတဲ့ ဒုက္ခသောကတွေကို လျှော့ပါးသွားအောင် ကမ္ဘာ့နေရာ အနှံ့အပြားက တတ်စွမ်းသမျှ ၀ိုင်းပြီး ကူညီနေကြတဲ့အထဲမှာ ပြည်ပရောက် မြန်မာ့ဂီတ လောကသားတချို့ လည်း ပါဝင်ကြပါတယ်။ ပြီးခဲ့တဲ့ စနေနေ့ (မေ ၁၇၊ ၂၀၀၈) က အမေရိကန်နိုင်ငံရောက် အဆိုတော် ရတနာဦး နဲ့ မီမီဝင်းဖေ တို့က မုန်တိုင်းဒဏ်သင့် ဒုက္ခသည်တွေကို ကူညီရေး ရံပုံငွေရှာဖွေတဲ့ ဂီတ ဖျော်ဖြေပွဲတခုကို အမေရိကန်နိုင်ငံမြို့ တော် ၀ါရှင်တန်ဒီစီမှာ ကျင်းပခဲ့ပါတယ်။ အဲ့ဒါကြောင့် သူတို့နှစ်ဦးရဲ့  မုန်တိုင်းဒုက္ခသည် ကူညီရေးပြောဆိုသံတွေ ကြားရအောင် ကိုကျော်အောင်လွင် က ဆက်သွယ်မေးမြန်း တင်ဆက်ပေးထားပါတယ်။
ကဗျာဆရာအောင်ဝေး၏ ရင်ဖွင့်ခံစားချက် မေ ၁၃၊ ၂၀၀၈ - ဆိုင်ကလုံးမုန်တိုင်းဒဏ် အလူးအလိမ့်ခံခဲ့ရတဲ့ မြန်မာပြည်သူတွေအတွက် တကမ္ဘာလုံးက အံ့သြ၀မ်းနည်း ဖြစ်နေကြရတဲ့ အထဲ နိုင်ငံတကာက ပေးတဲ့အကူအညီတွေကို မြန်မာစစ်အစိုးရက ကောင်းကောင်း လက်မခံတာကြောင့် မကျေမနပ်တွေ ပါဖြစ်လာနေပါပြီ။ ဒီလိုအချိန်မှာ မုန်တိုင်းဒဏ်ကလွတ်တဲ့ မြန်မာပြည်သူတွေရဲ့ ကူညီမှုဟာ ပိုပြီးအရေးကြီးလာနေတယ်။ အနုပညာသည်တွေရဲ့  ကိုယ်ချင်းစာ တရားကိုပြသရမယ့် အချိန်ကျနေပြီလို့ ပြောလာသူကတော့ မကြာခင်ကမှ အမေရိကန်နိုင်ငံကို ရောက်လာခဲ့တဲ့ ကဗျာဆရာအောင်ဝေးပါ။ ဧရာဝတီမြစ်ဝကျွန်းပေါ်မှာကျင်လည်ခဲ့တဲ့ ကဗျာဆရာ အောင်ဝေး က မုန်တိုင်းမိသတင်း ရုပ်ပုံတွေကိုမြင်ရလို့ အကြီးအကျယ်ခံစား နေရတဲ့အကြောင်း အနုပညာမိုးကောင်းကင်ကို ရင်ဖွင့်လာပါတယ်။
လူရွှင်တော်ပါပါလေးတို့ ညီအကိုတွေရဲ့  သဘောထား မေ ၆၊ ၂၀၀၈ - အခုတလော မြန်မာပြည်ကထင်ရှားတဲ့ အနုပညာသမားတချို့ က ဖွဲ့စည်းပုံမူကြမ်းကို ပြည်သူတွေဝိုင်းပြီး ထောက်ခံကြဖို့လှုံ့  ဆော်မှုတွေ၊ ဖျော်ဖြေမှုတွေ တက်တက်ကြွကြွ နဲ့ လုပ်နေကြတာကြောင့် ပြည်သူချစ်သော အနုပညာရှင်များဆိုပြီး မြန်မာစစ်အစိုးရရဲ့  ဂုဏ်ပြုချီးကျူးတာတွေ ခံနေရပါတယ်။ အဲဒီအနုပညာသမားတွေရဲ့  ဖျော်ဖြေမှုတွေကို ကြည့်ရှုနားဆင်ကြရတဲ့ ပြည်သူတွေထဲမှာတော့ အနုပညာသမားတွေဟာ စစ်အစိုးရရဲ့  အသုံးချတာကို ခံနေရတယ်။ အသုံးချခံပြီး အကျိုးအမြတ် လိုချင်ကြတဲ့ အနုပညာသည်တွေလည်း ရှိနေတယ်။ နီးရာဒါးကို ကြောက်ရတယ်ဆိုပြီး ဝေဖန်မှုတွေ အမျိုးမျိုး ထွက်ပေါ်နေပါတယ်။ မန္တလေးမြို့ က လူရွှင်တော်ပါပါလေးတို့ ညီအကိုတွေရဲ့  သဘောထားကရော ဘယ်လိုရှိပါသလဲ။ ကိုကျော်အောင်လွင်က ဆက်သွယ် မေးမြန်းထားပါတယ်။
ဇာတိမြေဘွဲ့ ခေတ်ပေါ်ကဗျာနှစ်ပုဒ် ဧပြီ ၂၉၊ ၂၀၀၈ - အနုပညာရှင်တွေက ကိုယ့်ရေ၊ကိုယ့်မြေ၊ ကိုယ့်ဌာနေကိုရေးဖွဲ့ ကြတဲ့အခါ ကိုယ့်ရပ်၊ ကိုယ့်ရွာကောင်း ကြောင်း၊ သာကြောင်းတွေကိုပဲ များသောအားဖြင့်ရေးဖွဲ့လေ့ရှိကြ ပါတယ်။ ဒါပေမယ့်လည်း ကိုယ့်မြေ ကိုယ့်ရေမှာက အခြေမလှတာ တွေဖြစ်နေတော့ အနုပညာရေးဖွဲ့ ကြတဲ့အခါမှာလည်း မသာယာတာ တွေပါလာတတ်ပါတယ်။ အခုတပါတ်အနုပညာ မိုးကောင်းကင်မှာ ဇာတိမြေဘွဲ့ခေတ်ပေါ်ကဗျာနှစ်ပုဒ် ကို ကိုကျော်အောင်လွင်က ရွေးချယ်ပြီးရွတ်ဆိုထားပါတယ်။
Hip Hop ဂီတရဲ့  ဦးဆောင်အဖွဲ့ တခုဖြစ်တဲ့ ACID အဖွဲ့ အကြောင်းဧပြီ ၂၂၊ ၂၀၀၈ - ဒီကနေ့တော့ မြန်မာပြည်က Hip Hop ဂီတရဲ့  ဦးဆောင်အဖွဲ့ တခုဖြစ်တဲ့ ACID အဖွဲ့ အကြောင်းကိုကြားရမှာပါ။ ACID အဖွဲ့ ကအဆိုတော် ဇေယျာသော်နဲ့ ယန်ယန်ချမ်းတို့ဟာ ပြီးခဲ့တဲ့နှစ်စက်တင်ဘာလူထုလှုပ်ရှားမှုမှာပါဝင်ခဲ့ကြပြီးအခုတော့ အာဏာပိုင်တွေရဲ့  ဖမ်းဆီးမှုကိုခံနေ ကြရပါတယ်။ မြန်မာလူငယ် Hip Hop သမားတွေဟာ ပြည်သူတွေရဲ့  ဒုက္ခတွေကို ရဲရဲဝင့်ဝင့် ဖွင့်ချပြနေတဲ့သူတွေလား ဆိုတာနဲ့ပါတ်သက်ပြီး Hip Hop သမားဇေယျာသော်နဲ့ ယန်ယန်ချမ်းတို့ရဲ့  သူငယ်ချင်းဂီတသမား မိုးသွေးကို ကိုကျော်အောင် လွင်ကဆက်သွယ်မေးမြန်းထားပါတယ်။ နောက်ခံသီချင်းတွေကတော့ Acid အဖွဲ့ ရဲ့  စတင်ခြင်းနဲ့ ယန်ယန်ချမ်းရဲ့ လိုက်ကြည့် တို့ဖြစ်ပါတယ်။
ဘုန်းဘုန်းချမှလုံးလုံးရမယ် သင်္ကြန်သံချပ်(ပထမပိုင်း ) (ဒုတိယပိုင်း ) (တတိယပိုင်း )ဧပြီလ ၂၀၀၈ - အတာသင်္ကြန်ကာလကိုရောက်လာပြန်ပြီဆိုတော့ အိန္ဒိယနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ သမားတွေရဲ့ တိုက်ပွဲဝင်သံချပ်ထိုးသံတွေကို မြန်မာတွေရှိတဲ့ နိုင်ငံတွေမှာကြားနေရပါပြီ။ ဒီနှစ်သံချပ်ခေါင်းစဉ် ကိုတော့ “ဘုန်းဘုန်းချမှလုံးလုံးရမယ်”လို့ ပေးထားပါတယ်။ သံချပ်ဆရာ မြတ်ထက်ကဘယ်လို ရည်ရွယ်ချက်တွေနဲ့ ရေးဖွဲ့ ထားသလဲဆိုတာကိုရှင်းပြပေးထားပါတယ်။
Generation Wave မတ် ၂၅၊ ၂၀၀၈- အခုတပါတ်မှာတော့ စက်တင်္ဘာလူထုလှုပ်ရှားမှုနဲ့အတူဖြစ်ပေါ်လာတဲ့ Generation Wave အဖွဲ့ရဲ့  မြေအောက်တေးသီချင်းအသစ်တပုဒ်ကို တင်ဆက်ပေးမှာပါ။ မကြာခင်ကပဲ Generation Wave အဖွဲ့ဝင်တချိုကို မြန်မာစစ်အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်ဆိုပေမယ့် သူတို့ရဲ့ လှုပ်ရှားမှုကိုတွေကတော့ ဆက်ပြီးရှိနေမယ်လို့ဆိုပါတယ်။ Generation Wave ရဲ့  ပထမသီချင်းကိုလည်း အနုပညာမိုးကောင်ကင်မှာ တင်ဆက်ခဲ့ဘူးတယ်။ အခုတော့ လျှိုဝှက်ပြီး အသစ်ထုတ်လုပ်လိုက်တဲ့ သီချင်းကို ကိုယ်တိုင်ရေးစပ်သီဆိုသူ မိုးသွေးရဲ့  ပြောဆိုမှုတွေနဲ့အတူ မြန်မာပြည်တွင်းက ဒီကနေ့လူငယ်တွေရဲ့  မြန်မာမြေအောက် တေးဂီတကို နားဆင်ကြည့်ရအောင်ပါ။
စိုင်းထီးဆိုင် (ဒုတိယပိုင်း)မတ် ၁၈၊ ၂၀၀၈- မတ်လ ၁၀ ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ အဆိုတော်စိုင်းထီးဆိုင် ကို အောင်မြင်တဲ့ အဆိုတော်တယောက်လို့ ပြောရုံနဲ့မလုံ လောက်ပါဘူး။ သူ့မှာက တခြားအဆိုတော် တွေထက် ထူးခြားတဲ့ ၀ိသေသတွေ ရှိပါတယ်။ သူဟာ ရှမ်းတိုင်းရင်းသားအဆို တော်တဦး ဖြစ်ယုံတင်မက လူမျိုးရေးကိစ္စတွေမှာ တက်ကြွသူ၊ ရှစ်လေးလုံးလူထု လှုပ်ရှားမှုကြီးမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တဲ့သူ။ NLD ပါတီနဲ့အတူ မြန်မာ့ဒီမိုကရေစီရေးမှာပါဝင် ဆောင်ရွက်ခဲ့သူ နောက်တခါ စစ်အစိုးရရဲ့  လူထုလှုန့်ဆော်ရေး လုပ်ငန်းတွေမှာ သီချင်းတွေဆိုပေးခဲ့သူ၊ ဆိုရှယ်လစ်ခေတ်မှာ မူးယစ်ဆေးဝါးမှု နဲ့ ထောင်ကျဖူးခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ အလှည့်အပြောင်း နဲ့ အချိုးအကွေ့တွေ များလှတဲ့ စိုင်းထီးဆိုင်ရဲ့ ဂီတဘ၀ ဖြတ်သန်းမှုတွေ နဲ့ ရပ်တည်ချက်တွေ အပေါ်အဆို တော်မွန်းအောင် ရဲ့  အမြင်တွေကို သိနိုင်ဖို့ ဆက်သွယ်မေးမြန်း တင်ပြထားပါ။
စိုင်းထီးဆိုင် (ပထမပိုင်း)မတ် ၁၁၊ ၂၀၀၈- မတ်လ၁၀၇က်နေ့က ကွယ်လွန်သွားခဲ့တဲ့ အဆိုတော်စိုင်းထီးဆိုင်အမှတ်တရ အဖြစ် The Wild Ones လို့ခေါ်တဲ့ သဘာဝရဲ့ ရင်သွေးငယ် တေးဂီတအဖွဲ့ က အမျိုးသမီး အဆိုတော် မီမီဝင်းဖေက သူသိတဲ့စိုင်းထီးဆိုင်အကြောင်း အကျဉ်းချုပ် ရှင်းပြထားပါတယ်။ နိုင်ငံခြားသီချင်းတွေကို အလွယ်တကူ ကော်ပီ လုပ်လွန်းတဲ့ မြန်မာ့ဂီတလောကမှာ ကိုယ်ပိုင်သံစဉ်သီချင်းတွေနဲ့ပဲ ဆယ်စုနှစ်တော်တော်ကြာအောင် မားမားမတ်မတ်ရပ်တည်လာခဲ့တဲ့ ထူးခြားတဲ့ တိုင်းရင်းသားတေးသံရှင်တယောက် ကွယ်လွန်သွားတာဟာ နိုင်ငံအတွက်ပါထိ ခိုက်တဲ့ကိစ္စဖြစ်ပါတယ်။ အဆိုတော်မီမီဝင်းဖေ ရဲ့  ရှင်းပြချက်နဲ့အတူ စိုင်းထီးဆိုင်ရဲ့  ရေရှည်ခံ တဲ့သီချင်းတချို့ ကိုပါတင်ဆက်ပေးထား ပါတယ်။
ဖဒိုမန်းရှာ ဖေဖေါ်ဝါရီ ၂၆၊ ၂၀၀၈ - ဖေဖေါ်ဝါရီလ၁၄ရက်နေ့က လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ကရင်အမျိုးသား အစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှုး ဖဒိုမန်းရှာကို ဂုဏ်ပြုဖွဲ့ဆိုထားတဲ့ “ကြယ်ကြွေရေဆန်” ဆိုတဲ့ကဗျာကို ကဗျာဆရာအောင်ဝေးက ကိုယ်တိုင်ရေးဖွဲ့ရွတ်ဆိုထားပါတယ်။
အနုပညာရှင်နဲ့ ကျင့်ဝတ်" ဖေဖေါ်ဝါရီ ၁၉၊ ၂၀၀၈- ဆူဒန်နိုင်ငံကဒါဖေါဒေသမှာဖြစ်ပွါးနေတဲ့ အကြမ်းဖက်မှုတွေ၊ သိန်းနဲ့ချီပြီးလူတွေအသတ်ခံရမှုတွေနဲ့ပါတ်သက်ပြီးတရုတ်အစိုးရမှာ တာဝန်ရှိပေမယ့် လုံလောက်တဲ့တာဝန်ယူမှုတွေမလုပ်လို့ဆိုပြီး 2008 ဘေဂျင်းအိုလံပစ်ပွဲကိုသပိတ်မှောက်တဲ့ အနေနဲ့ ဟောလီးဝုဒ်ရုပ်ရှင်ဒါရိုက်တာ စတီဗင် စပီးလ်ဘာခ့်က အနုပညာအကြံပေး အဖြစ်ကနှုတ်ထွက်လိုက်ပါတယ်။ ဒီအကြောင်းနဲ့ပါတ်သက်ပြီး “အနုပညာရှင်နဲ့ ကျင့်ဝတ်” အကြောင်း ရုပ်ရှင်ဒါရိုက်တာ ၀င်းဖေနဲ့ဆက်သွယ်မေးမြန်းထားတာပါ။
ဗိုလ်ချုပ်မွေးနေ့ ဖေဖေါ်ဝါရီ ၁၂၊ ၂၀၀၈- ဖေဖေါ်ဝါရီလ ၁၃ရက်နေ့ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ မြန်မာနိုင်ငံကလေးများနေ့ဖြစ်ပေမယ့် ဒီကနေ့လူငယ်တွေ မသိပဲ သမိုင်းတွေမှေးမှိန်နေတဲ့ အဖြစ်ကိုခံစားရလို့ လူရွှင်တော်ဇာဂနာ က ဗိုလ်ချုပ်ရဲ့အတ္ထုပ္ပတ္တိကို ရုပ်ရှင်ရိုက်ဖို့ ဇာတ်ညွှန်းရေးထားတဲ့ အကြောင်း နားဆင်ရမှာပါ။
တရားမ၀င်အလုပ်သမားဘ၀ ကဗျာ ဖေဖေါ်ဝါရီ ၀၅၊ ၂၀၀၈- ထိုင်းနိုင်ငံရောက်တရားမ၀င်အလုပ်သမားတွေရဲ့ဘ၀အခြေအနေတွေကို “ကျွန်” ဆိုတဲ့ကဗျာနဲ့ ခေတ်ပေါ်ကဗျာသမားကောင်းကင်ကိုကရေးဖွဲ့ထားပါတယ်။ ကိုကျော်အောင်လွင်က ရွတ်ဆိုပေးထားပါတယ်။
ရမ်ဘို ဇန်န၀ါရီ ၂၉၊ ၂၀၀၈- အမေရီကန်ကတကိုယ်တော်တိုက်ခိုက်ရေးသမား ရမ်ဘိုရဲ့ နောက်ဆုံး ရိုက်ကူးထားတဲ့ မြန်မာပြည်နောက်ခံဇာတ်လမ်း မှာ မြန်မာစစ်ဗိုလ်အဖြစ် သရုပ်ဆောင် ခဲ့တဲ့ ကျောင်းသားတပ်မတော်က ကိုမင်းဌေးရဲ့ ရုပ်ရှင်ရိုက်ကူးရေး အတွေ့အကြုံတွေကို ကြားရမှာပါ။
စာဆိုတော်နေ့ ဇန်န၀ါရီ ၆၊ ၂၀၀၈- နတ်တော်လ စာဆိုတော်ရာသီအမှတ်တရ စာရေးဆရာမောင်စွမ်းရည် ကပြောဆိုထားပါတယ်။
»အနုပညာမိုးကောင်ကင် မူလစာမျက်နှာသို့:: ၂၀၀၇ အစီအစဉ်ဟောင်းများ